မန္တလေးမြို့မှာယခင်က ဘဏ်အကောင့်ပိတ်ခံထားရတဲ့ သူတွေကိုစစ်ကောင်စီကပြန်လည်ဖမ်းဆီးနေပြီး မန္တလေးမှာကားအရောင်းအဝယ်ပြုလုပ်သူ အမျိုးသားနှစ်ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ နီးစပ်သူ တွေဆီကသိရပါတယ်။
အာဏာသိမ်းပြီး နောက်ပိုင်းဘဏ်အကောင့်ပိတ်ခံထားရသူ တွေကို ပြီးခဲ့တဲ့ မေလ လောက်ကစပြီး အမှု အဟောင်းတွေနဲ့ လိုက်လံဖမ်းဆီး နေတာလို့ သိရပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အွန်လိုင်းငွေပေးချေမှု Pay ကတဆင့် ငွေအဝင်အထွက်များပြီးစစ်ကောင်စီ သံသယရှိတဲ့သူတွေရဲ့ ဘဏ်အကောင့်တွေကိုပိတ်ခဲ့ပြီး ယခုအခါအဲဒီလူတွေကိုလိုက်လံဖမ်းဆီး နေတာလို့သိရပါတယ်။အများစုံဟာ KBZ Pay အသုံးပြုသူတွေဖြစ်ပါတယ်။

Public Service Announcement
မေလ နောက်ဆုံးပတ်ထဲမှာမန္တလေးမြို့က ကားအ ရောင်းအဝယ်ပြုလုပ်သူ အသက်၃၀ ကျော်အရွယ် အမျိုးသား၂ဦး ဖမ်းဆီးခံခဲ့ရတာလို့သိရပါတယ်။
“တယောက်ကတော့အကြမ်းဖက်တိုက်ဖျက်ရေးဥပဒ ၅၀ (ည)နဲ့ အမှုတင်ပြီးသွားပြီတဲ့။ဘယ်လိုမှ လိုက်မရဘူး”လို့ နီးစပ်သူတဦးက ပြောပါတယ်။
အဲဒီအမျိုးသားနှစ်ဦးဟာမိတ်ဆွေတွေဖြစ်ကြပြီး ကားအရောင်းအဝယ်ပြုလုပ်တာကြောင့်ဘဏ်အကောင့် ငွေ အဝင်အထွက်များပြီးတဲ့ နောက်ဘဏ်အကောင့် အပိတ်ခံခဲ့ရတာလို့သိရပါတယ်။
“အခုက ဘဏ်အကောင့်ပိတ်ခံထားရသူတွေကိုအကုန်လိုက်ဖမ်းနေတာလို့ ပြောတယ်။တယောက်ဆို အကောင်ကြီးတွေနဲ့လိုက်တာကိုမရတာ”လို့ နီးစပ်သူတဦးကလည်း ပြောပါတယ်။
စစ်တပ်က PSMSနည်းပညာနဲ့ မတ်လကနေ မေလအတွင်းဖမ်းဆီးထားသူမန္တလေးတိုင်းအတွင်းက၁၆၇၅ဦးရှိတယ်လို့ထုတ်ပြန်ထားပြီးအဲဒီဖမ်းဆီးခံရသူတွေ ထဲမှာ ဘဏ်အကောင့်ပိတ်ခံထားရသူ တွေလည်းပါဝင်ပါတယ်။
PSMS Software (Public Sector Management System)ဟာ တရုတ်နည်းပညာကုမ္ပဏီတခုက အကူအညီ ပေးထားပြီး စစ်တပ်ရဲ့ စစ်ဆေးရေး ဂိတ်၊ဟိုတယ်၊တည်းခိုခန်း စတဲ့ မှတ်ပုံတင် စစ်ဆေးတဲ့နေရာ တွေမှာ မှတ်ပုံတင်နံပါတ်ကို ရိုက်ထည့်လိုက်တာနဲ့ကွန်ပျူတာမှာ စစ်ကောင်စီက တပ်ထားတဲ့ ပုဒ်မပေါ်လာတဲ့ ဆော့ဝဲ ဖြစ်တယ်လို့ အကြမ်းဖျင်းသိရပါတယ်။
အဲဒီ PSMS ဆော့ဝဲကို ပြီးခဲ့တဲ့ဧပြီလက ပြင်ဦးလွင်မြို့မှာ စတင်အသုံးပြုခဲ့ပြီး ငလျင်သွားရှောင်တဲ့မန္တလေးမြို့ခံ အမျိုးသား၃ဦးနဲ့ အမျိုးသမီး၂ဦး တို့ သင်္ကြန်အတွင်းမှာဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
“၂၀၂၁ကတည်းက ဘဏ်အကောင့်အပိတ်ခံထားရတာ။ကြားထဲဖမ်းဆီးတာ၊နာမည်ထွက်တာ၊ဝရမ်းထုတ်တာတွေလည်းမရှိတော့ ပုဒ်မရှိ နေမှန်းမသိဘူး။ဒီကြားထဲလည်း မန္တလေးနဲ့ပြင်ဦးလွင်ကူးနေတာပဲ။အဲတာ သင်္ကြန်နဲ့ ငလျင်သွားရှောင်တဲ့အချိန်မှာ ဧည့်စာရင်းတိုင်လိုက်တာ။ညပိုင်းဝင်ဖမ်းသွားတာ”လို့ လက်ရှိ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ တရားစွဲခံထားရသူတဦးရဲ့ မိသားစုဝင်က ပြောပါတယ်။
ဖမ်းဆီးချိန်မှာ ပုဒ်မတခုကိုသာ ပြောဆိုဖမ်းဆီးခဲ့တာဖြစ်ပြီးပြင်ဦးလွင်ရဲစခန်းကနေတဆင့်မန္တလေးမြို့ သက်ဆိုင်ရာမြို့နယ်ရဲစခန်းကို ပို့ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။


















































