Connect with us

Hi, what are you looking for?

သတင်း

သေဘောဘိုးစခန်းသိမ်းတိုက်ပွဲ ထိုင်းဘက်ထွက်ပြေးတဲ့ ဗျူဟာမှူးနဲ့အဖွဲ့ မြဝတီမြို့စောင့်တပ်ထဲ ပြန်ရောက်နေ

ထိုင်းဘက်ထွက်ပြေးပြီး ၂၇၅ထဲ ပြန်စုဖွဲ့နေတဲ့ စစ်သား ၆၀၀လောက်ရှိနေဟုဆို

ဘလယ်ဒိုစခန်းသိမ်းတိုက်ပွဲကနေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၆၂ဦးကို ထိုင်းစစ်သားတွေက ထိန်းသိမ်းထားစဉ်။ ဓာတ်ပုံ − CJ

ဇွန် ၉၊ ၂၀၂၅။ကိုဘီဂျီ/People’s Spring

မြန်မာ−ထိုင်းနယ်စပ်က သေဘောဘိုးတပ်စခန်းသိမ်းတိုက်ပွဲကနေ ထိုင်းနိုင်ငံဘက်ထွက်ပြေးသွားတဲ့ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား ၇၀ဟာ မြဝတီမြို့က မြို့စောင့်တပ်အဖြစ်ရှိနေတဲ့ ခလရ(၂၇၅)တပ်ရင်းထဲ ပြန်ရောက်ပြီး စုဖွဲ့မှုလုပ်နေတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နယ်စပ်ဒေသမှာရှိတဲ့ တပ်စခန်းတွေ တိုက်ခိုက်ခံရတဲ့အခါ စစ်ကောင်စီတပ်သားတွေက အလွယ်တကူပဲ ထိုင်းနိုင်ငံထဲကို ပြေးဝင်နေကြပါ။ ထိုင်းစစ်တပ်က ထိန်းသိမ်းပြီး ရက်တပတ်ကြာတဲ့အခါ သူတို့ကို စစ်ကောင်စီထံ ပြန်လွှဲပေးနေတာပါ။

အခုဆိုမြဝတီမြို့က ၂၇၅တပ်ရင်းထဲမှာ ၆၀၀ လောက်အထိ စုဝေးရှိနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သူတို့ကို ဘယ်လိုနာမည်ပေးရမလဲ။ ထိုင်းပြန်စစ်သားတွေလား။ သေမှာကြောက်လို့ ထွက်ပြေးတဲ့ နိုင်ငံခြားပြန် စစ်သားတွေလားပေါ့။ အခုဆို ၆၀၀ လောက်ရှိနေပြီ။ သေဘောဘိုးကအဖွဲ့က မနေ့က ပြန်ဝင်လာတယ်လို့ သိရတယ်”လို့ ၎င်းက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ရက် ညနေပိုင်းက မြန်မာ − ထိုင်း နယ်စပ်မျဉ်းအနီးက သေဘောဘိုးတပ်စခန်းသိမ်းပိုက်တိုက်ခိုက်မှုမှာစစ်ကောင်စီရဲ့တပ်မ(၄၄)လက်အောက်ခံ အမှတ်(၃)စစ်ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား ၇၀ဟာ ထိုင်းနိုင်ငံအတွင်းကို ထွက်ပြေးသွားခဲ့တာပါ။ အဲဒီအဖွဲ့က ဇွန်လ ၈ရက်မှာ ၂၇၅တပ်ရင်းထဲကို ပြန်လည်ဝင်ရောက်လာတာလို့ ဆိုပါတယ်။ အဲဒီထဲမှာ ဒဏ်ရာရသူ ၉ဦးပါတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“စုဖွဲ့မှုလုပ်ပြီး စစ်ကြောင်းပြန်ထိုးနိုင်တယ်။ ဒါပေမယ့် အားလုံးကအကောင်းတွေမဟုတ်ဘူး။ အကျိုးနဲ့ ဒဏ်ရာရတာတွေကလည်း ရှိသေးတယ်။ သူတို့ထိုးလည်း ထိုးပေါ့။ဟိုက ဗိုလ်ဒါဘောက စောင့်နေတာ။သူလည်း သိတာပေါ့”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်တွေကို ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ အမှတ်(၄)စစ်ဒေသမှူး ဗိုလ်မှူကြီးမုတ်သုန် ထိန်းချုပ်မှုအောက်က နယ်စပ်ဂိတ်ပေါက်တစ်ခုဖြစ်တဲ့ (၁၆)ဂိတ်ကနေ ပြန်ပို့ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်သားတွေ စခန်းသိမ်းတိုက်ပွဲတွေကနေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးပြီး ပြန်ပို့တာတွေလုပ်ရင် အဲဒီ (၁၆)ဂိတ်ကနေပဲ ပြန်ပို့နေတာလို့ ဆိုပါတယ်။

မြန်မာ-ထိုင်းနယ်စပ်က ဘလယ်ဒိုစခန်းသိမ်းတိုက်ပွဲကနေ ထိုင်းနိုင်ငံထဲကိုထွက်ပြေးသွားတဲ့စစ်သား ၆၂ဦးကို မေလ ၂၈ရက်မှာ နယ်စပ်ဂိတ်ဖြစ်တဲ့ (၁၆)ဂိတ်ကနေ မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ(၂၇၅)တပ်ရင်းထဲကို ပြန်ပို့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၃ရက်က ကော့ကရိတ်မြို့နယ်က စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းသိမ်း တိုက်ပွဲကနေ စစ်ကောင်စီတပ်သား ၆၂ဦးဟာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးခဲ့တာပါ။ ထွက်ပြေးပြီး ငါးရက်အကြာမှာဘဲ ထိုင်းစစ်တပ်က (၁၆)ဂိတ်ကနေ ပြန်ပို့ခဲ့တာလို့ ဆိုပါတယ်။

မေလ ၂၇ရက်မှာလည်း စစ်ကောင်စီတပ်သား ၆၂ဦးဟာ ထိုင်းနိုင်ငံအတွင်းကနေဖြတ်ပြီး သေဘောဘိုးဗျူဟာတပ်စခန်းကိုစစ်ကူလာခဲ့ပါတယ်။

အဲဒီ စစ်ကောင်စီတပ်သား ၆၂ဦးကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက မေလ ၂၈ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ ၂၈ဦးက ထိုင်းနိုင်ငံထဲကို ပြန်လည်ထွက်ပြေးခဲ့ပါသေးတယ်။

ဒါ့အပြင်မေလ ၂၈ရက် ညဦးပိုင်းမှာလည်း နယ်စပ်က ဝေါ်လေမြို့နားက ကနဲလေးစစ်ကေင်စီတပ်စခန်း တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရာမှာလည်း စစ်ကောင်စီတပ်သား ၅၂ဦးဟာ ထိုင်းနိုင်ငံထဲကို ထပ်မံထွက်ပြေးခဲ့ပါသေးတယ်။

နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့က မြို့စောင့်တပ်အဖြစ်ရှိနေတဲ့ ခလရ(၂၇၅)တပ်ရင်းကိုလည်း တော်လှန်ရေးတပ်တွေက အခုရက်ပိုင်းအတွင်းမှာ ပစ်ခတ်တိုက်ခိုက်နေပါတယ်။ မေလ ၃၁ရက် ညပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေက ခလရ(၂၇၅)တပ်ရင်းထဲကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နောက်ပြီး ဇွန်လ ၄ရက်မှာလည်း ဒရုန်းနှစ်စင်းနဲ့ ၂၇၅တပ်ရင်းထဲကို ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေဟာ မြန်မာ − ထိုင်းနယ်စပ်က စစ်ကောင်စီတပ်စခန်းတွေကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။