ဇွန်- ၁၂၊ ၂၀၂၅။ဇေအောင်/People’s Spring
မုံရွာအကျဥ်းထောင်ကနေ နိုင်ငံရေးအကျဥ်းသားများအပါအဝင်အကျဥ်းသားနှစ်ရာခန့်ကိုမန္တလေး၊ မကွေးနဲ့ မြင်းခြံထောင်တွေကိုပို့ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။
ဇွန်လ၁၂ရက်မနက် ၅နာရီကျော်ခန့်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်( နမခ)ကနေ သံပြားကာကား (၂)စီး၊ အိမ်စီးကား(၃)စီး၊ ဆယ့်နှစ်ဘီးကား (၆)စီးနဲ့ မုံရွာထောင်က နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူတွေအပါအဝင် အကျဉ်းသား နှစ်ရာခန့်ကို ထောင်ပြောင်းဖို့ လာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့ PPNMကဖော်ပြပါတယ်။
အဲဒီအကျဥ်းသားတွေကိုမန္တလေးအိုးဘိုအကျဉ်းထောင်၊မြင်းခြံထောင်နဲ့မကွေးထောင်တွေကို ပို့ဆောင်မယ်လို့ စုံစမ်းသိရှိထားကြောင်း PPNMက ဆိုပါတယ်။

Public Service Announcement
ထောင်ပြောင်းဖို့ ခေါ်ဆောင်သွားသူတွေထဲမှာ လူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်လည်း ပါဝင်ကြောင်း နိုင်ငံရေးလှုပ်ရှားနေသူတွေက ပြောပါတယ်။
မုံရွာအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေကို အရင်ကလည်း မန္တလေးထောင်သို့ပို့ပြီး ရိုက်နှက်နှိပ်စက်ပြီးနောက် မြင်းခြံအကျဥ်းထောင်သို့ ထပ်ပို့လေ့ရှိကြောင်း၊အခုလည်း မန္တလေးထောင်သို့ ရွှေ့လိုက်တဲ့အတွက် စိုးရိမ်နေရကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။
“ကျနော်တို့ရဲ့ရဲဘော်တွေဖိနှိပ်နှိပ်စက်ခံရမှာ တော်တော်လေးကို စိုးရိမ်ပါတယ်။ အဲဒါကြောင့် ပြည်သူလူထုအနေနဲ့ ထောင်ထဲကသတင်းတွေကို အမြဲမပြတ်နားစွင့်ပေးနေကြဖို့။ မဟုတ်တာလုပ်လို့ရှိရင် ဖိနှိပ်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေဘက်က ရပ်တည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။”လို့ ကိုရှင်းသန့်က တောင်းဆိုပါတယ်။
PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “အဓိကကတော့ မုံရွာအနေအထားဟာ လုံခြုံရေးအားဖြင့် စိုးရိမ်ရတဲ့အနေအထားကို ချဥ်းကပ်လာတယ်လို့ မြင်တယ်။ အလယ်ပိုင်းတိုင်းမှာ ကျွန်တော်တို့ တော်လှန်ရေးတပ်အင်အားတွေ တိုက်ရည်ခိုက်ရည် ကောင်းမွန်လာတဲ့အခါမျိုးမှာ လုံခြုံရေးအရ စိတ်မချလို့သော်လည်းကောင်း၊ နယ်မြေအခြေအနေလုံခြုံရေးအားဖြင့်သော်လည်း
ကောင်း တွက်ဆပြီးမှ မုံရွာအကျဥ်းထောင်ထဲမှာ ထားလို့မရနိုင်လောက်တဲ့သူတွေ အထူးသဖြင့် တော်လှန်ရေး နိုင်ငံရေးက လူသိများတဲ့ ပုဂ္ဂိုလ်တွေကို ဦးတည်ချက်ထားပြီး တခြားအကျဥ်းထောင်ထဲမှာ လုံခြုံမယ် ငြိမ်းချမ်းမယ်လို့ ကနဦးယူဆထားတဲ့ အကျဥ်းထောင်တွေကို ပို့ဆောင်တယ်လို့ သုံးသပ်ပါတယ်။”လို့ ပြောပါတယ်။
ဒါ့အပြင်အိုးဘိုအကျဥ်းထောင်မှာလည်း ငလျင်ဒဏ်ကြောင့် အဆောက်အဦး ပျက်စီးတာတွေရှိခဲ့လို့ ရှိတဲ့အဆောက်အအုံမှာ အကျဥ်းသားတွေဟာ ကြပ်ညပ်စွာ နေထိုင်နေရကြောင်း၊ဒီလိုအနေအထားမှာ အကျဥ်းသားတွေထပ်ပြောင်းရွှေ့တာဟာ စိုးရိမ်ရကြောင်း ကိုသိုက်ထွန်းဦးက ပြောပါတယ်။
