ဇွန်-၁၂၊၂၀၂၅။ထားမြတ်/People’s Spring
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာ၍ ဒေသခံ တထောင်ကျော် ကျောက်မဲမြို့နယ်သို့ တိမ်းရှောင်နေရကြောင်း TNLAက ယနေ့ ထုတ်ပြန်သည်။
နောင်ချိုမြို့ဘက်သို့စစ်တပ်က ထိုးစစ်ဆင်သဖြင့်ဧပြီ ၂၉ရက်မှ ဇွန်လ ၈ရက် အတွင်း နောင်ချိုမြို့မှပြည်သူ ၁၀၁၄ဦးသည် ကျောက်မဲမြို့ဘက်သို့ စစ်ရှောင်နေသည်ဟု TNLAကဖော်ပြသည်။စစ်ရှောင်များသည်တိလင်ပရိတ္တိစာသင်တိုက်၊ အဝေရာပါသကျောင်း၊နောင်ပိန်(အ.ထ.က)ကျောင်း၊ ထန်းတပင်ကျေးရွာ၊ လုပ်ပါဟကျေးရွာများသို့ ရောက်ရှိခိုလှုံနေသည်ဟုသိရသည်။
အဆိုပါစစ်ရှောင်များသည်နောင်ချိုမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာ ၃၀ကျော်မှ ပြည်သူများ ဖြစ်သည်ဟု အသိပေးသည်။ကျောက်မဲသို့တိမ်းရှောင်လာသူများသည် နောင်ချိုမြို့နယ်တောင်ရပ်ကွက်၊ ဘူတာရပ်ကွက်၊စျေးရပ်ကွက်၊ စျေးကုန်း၊ နောင်လင်၊ သရက်ကုန်း၊ ကန်ကြီး၊ ရေဖြူ၊ လောက်ဖန်း၊ ညောင်ပင်သာ၊ မဲပုတ်၊ နောင်ချိုကြီး၊ ရေမောင်းတန်း၊ ညောင်နီ၊ သုံးဆယ်၊ တောင်ရှည်၊ မျက်ချီးနု၊ သပြေရေ၊နားရှိး၊ ရွှေမုဠော၊ မန်မော်၊ အင်းဖို၊ တောင်လှ၊ တောင်ခမ်း၊ လက်ပံကုန်း၊ လွယ်ခေါ်၊ ပိန္နဲကုန်း၊ နောင်အော၊ ညဏ်တော၊ လုံခံ၊ နမ့်ဆောင်ဟူးနှင့် ပါဟတ်ကျေးရွာ တို့မှ ပြည်သူများဖြစ်သည်ဟု အသိပေးထားသည်။

Public Service Announcement
စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ် (၃)ဖွဲ၏ တဖက်သတ်အပစ်ခတ်ရပ်စဲရေးကာလကိုအခွင့်ကောင်း ယူပြီး စစ်အင်အားတိုးချဲလာခြင်း၊ ထိုးစစ်ဆင်လာခြင်း၊တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးပစ် ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲချခြင်း၊ အဆိပ်ငွေ့ဗုံးများ ကြဲချခြင်းနှင့်လေကြောင်းဖြင့် ဗုံးကြဲခြင်းစသည့်လုပ်ရပ်များ ပြုလုပ်လျှက်ရှိနေကြောင်း TNLAက ထုတ်ပြန်သည်။
“နောင်ချို၊တောင်ခမ်းဘက်ကတော့ လက်ရှိအချိန်ထိ တစ်ဖက်နဲ့တစ်ဖက် ထိုးစစ်ဆင်မှုပြုလုပ်နေပါတယ်။ အပြန်အလှန်ခုခံတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။ဆိုတော့ကတော့ လူထုတွေကတော့လုံခြုံရေးကိစ္စအထူးဂရုစိုက်ဖိုလိုပါတယ်။စစ်ရေးအရတော့ စိတ်ပူစရာမလိုဘူးပေါ့နော်။တစ်ဖက်နဲ့တစ်ဖက်ကိုယ့်ရဲ့စစ်ရေးဗျူဟာအတိုင်းပဲဆောင်ရွက်နေ တာဖြစ်ပါတယ်။”ဟုTNLAပြောရေးဆိုခွင့် ရှိသူ လွေးယေဦးက ဇွန်လ ၅ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကိုလည်း လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲချခြင်း၊လေကြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်ဟုလည်း TNLA က ထုတ် ပြန်သည်။ထိုသို့ လုပ်ဆောင်ခြင်းသည် အပြစ်မဲ့ပြည်သူလူထုများကို သေကြေပျက်စီးစေလိုခြင်းနှင့် တအာင်းပြည်(TNLA သိမ်းပိုက်ထားသည့်နယ်မြေများ)အတွင်း မနေရဲအောင် ရည်ရွယ်ချက်ရှိရှိ ဦးတည်ခြင်းဖြစ်ဟု ဖော်ပြသည်။
စစ်ကောင်စီတပ်တိုက်ခိုက်မှုများကြောင့် ပြည်သူ သေဆုံးထိခိုက်မှုများစွာ ရှိခဲ့ပြီးလူနေအိမ် ၊ ဘုန်းကြီးကျောင်းနှင့်စာသင်ကျောင်းများစွာ ပျက်စီးခဲ့ရသည်ဟု သိရသည်။
စစ်ကောင်စီသည်ငလျင်အကြောင်းပြပြီးအပစ်ရပ်စဲကြောင်း ကြေညာထားသော်လည်း TNLA နယ်မြေအပါအဝင်နိုင်ငံတဝန်းလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ပြည်သူများစွာ သေဆုံးထိခိုက်ခဲ့ရသည်။
