Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင်မှာ ဆေးဝါးစောင့်ရှောက်မှုမလုံလောက်လို့ CDM ကျောင်းအုပ်ဆရာမကြီး ကွယ်လွန်

မန္တလေးအိုးဘိုအကျဥ်းထောင်မှာ ဆေးဝါးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသူ အလယ်တန်းကျောင်းအုပ်ဆရာမကြီးတစ်ဦး ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ ထုတ်ပြန်ပါတယ်။

ဇွန်-၁၄၊ ၂၀၂၅။ ဇေအောင်/People’s Spring

မန္တလေးအိုးဘိုအကျဥ်းထောင်မှာ ဆေးဝါးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသူ အလယ်တန်းကျောင်းအုပ်ဆရာမကြီးတစ်ဦး ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက် အကြမ်းမဖက်အာဏာဖီဆန်ရေး CDM ပြုလုပ်ခဲ့တဲ့ မန္တလေးမြို့က အသက်(၅၆)နှစ်အရွယ် အလယ်တန်းကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်သန်းဟာ အကျဉ်းထောင်တွင်း ဆေးဝါးလုံလောက်စွာစောင့်ရှောက်မှုမရရှိတာကြောင့် သွေးကြောပေါက်ကာ မေလ(၇)ရက်က အိုးဘိုထောင်မှာ ကွယ်လွန်သွားခဲ့တယ်လို့ PPNMက ဖော်ပြပါတယ်။

ဆရာမကြီးဟာ CDM လုပ်လို့ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၇ ရက်က စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခြင်းခံခဲ့ရပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဆရာမကြီးဟာ တီဘီရောဂါအခံရှိတာကြောင့် ဆေးဝါးစောင့်ရှောက်မှု ပုံမှန်လိုအပ်နေသူတစ်ဦး ဖြစ်ပြီး ရောဂါပြင်းထန်လာချိန် ထောင်အာဏာပိုင်တွေဆီ ပြင်ပမှာ ဆေးကုသခွင့်တောင်းခံခဲ့ပေမဲ့ ဆေးကုသခွင့်မပေးခဲ့ဘူးလို့ PPNMက အသိပေးပါတယ်။

ဆရာမကြီးမှာ ထိုတီဘီရောဂါအခံကြောင့် ဆေးအပြင်းများသွင်းနေရပြီး ဆေးပြင်းများကြောင့် သွေးကြောပေါက်ချိန်မှာ အချိန်မီ ဆေးဝါးကုသစောင့်ရှောက်မှု မရရှိခဲ့လို့ သေဆုံးခဲ့ရတာဖြစ်ကြောင်း PPNM တာဝန်ရှိသူတွေက ရှင်းပြပါတယ်။

ဆေးဝါးစောင့်ရှောက်မှု မလုံလောက်လို့ အကျဥ်းထောင်အတွင်း သေဆုံးခဲ့ရသူ ဒီနှစ်အတွင်းမှာ ဇွန်လ(၁)ရက်အထိ ၁၁ဦး ရှိကြောင်းPPNMက စာရင်းပြုစုထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ သာယာဝတီထောင်နဲ့ ရန်ကုန် အင်းစိန်ထောင်တို့မှာ ဆေးဝါးစောင့်ရှောက်မှု မလုံလောက်လို့ ဒါမှမဟုတ် ထောင်ဆေးရုံက မကုပေးနိုင်တော့လို့ ပြင်ပဆေးရုံ ပြောင်းရွှေ့ချိန်မှာ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသားအချို့ ရှိခဲ့ပါတယ်။

“ဒီသေဆုံးမှုအရေအတွက် အခြေအနေ‌တွေဟာ ထောင်တွင်းဆေးဝါးကုသမှုမရရှိမှု ဘယ်လောက်အထိ ဆိုးရွားနေလဲဆိုတာ သေဆုံးခဲ့ကြရတဲ့သူတွေက သက်သေပြနေရသလိုဖြစ်ပါတယ်။ နောက်ထပ် ဆေးဝါးစောင့်ရှောက်မှု မလုံလောက်လို့ သေဆုံးတာမျိုး ထပ်ပြီး မဖြစ်စေချင်တော့ပါဘူး”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

မြန်မာနိုင်ငံရှိ အကျဥ်းထောင်များမှာ ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မပေးခြင်းကြောင့် နိုင်ကျဉ်းအပါအဝင် အကျဉ်းကျခံနေရသူများဟာ ရောဂါများ ဖြစ်ပွားခြင်း၊ ဆေးကုသခွင့် ဆုံးရှုံးလို့ ရောဂါအခံများပိုမိုဆိုးရွားလာခြင်း၊ သေဆုံးသင့်တဲ့ အခြေနေမဟုတ်ပါဘဲ အသက်ပေးရသည်ထိ ဖြစ်ပွားလျက်ရှိကြောင်း PPNMက ထုတ်ပြန်ပါတယ်။

အိုးဘိုအကျဥ်းထောင်ဟာ နိုင်ငံရေးအကျဥ်းသားတွေကို ဖိနှိပ်ရာမှာ နာမည်ကြီးပြီး ဇွန်လ ၁၂ ရက်မနက်ကလည်း မုံရွာထောင်ကနေပြောင်းလာတဲ့ နိုင်ကျဥ်း ၅၀ကျော်အပါအဝင် အကျဥ်းသား ၁၀၀ကျော်ကို ထောင်ဘူးဝမှာတင် ရိုက်နှက်ထိုးကြိတ်ခဲ့ကြပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးအိုးဘိုထောင်မှာထောင်ဒဏ် ၁၆၄ နှစ်အကျဉ်းချခံရတဲ့နိုင်ငံရေး အကျဉ်းသားတစ်ဦးလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိတဲ့အတွက် အခုလ ဇူလိုင် ၂၀ ရက်မှာထောင်တွင်းဆုံးပါးသွားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌအပါအဝင် နိုင်ငံရေးအကျဥ်းသား ၃ ဦး ရိုက်နှက် တိုက်ပိတ်ခံထားရပြီး အရေးပေါ်ဆေးကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၁၅ ဦးကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်ခဲ့ပြီး ၃ ဦး တိုက်ပိတ်ခံထားရကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)-AFCCက ဒီကနေ့ ဇူလိင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ထောင်တွင်းဖိနှိပ်မှုတွေရှိပေမယ့် မန္တလေးအိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသားတွေစုပေါင်းပြီး ‌လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။