Connect with us

Hi, what are you looking for?

သတင်း

ပဲခူးတိုင်းအတွင်း စစ်ရေးအရှိန်မြင့်လာမည်ဟု ပဲခူးခရိုင် တပ်ရင်း(၂) ဒုတပ်ရင်းမှူးပြော

ပြည်သူများ တော်လှန်ရေး၌ ပိုမိုပါဝင်ပေးရန်၊ စစ်သားများ နီးစပ်ရာ တော်လှန်ရေးတပ်များထံ အလင်းဝင်ရန် တိုက်တွန်း

​ကျောက်တံခါးမြို့နယ် ၊ဘုရားကြီးကုန်းရွာတွင် အထိုင်ချတပ်စွဲထားသောစစ်စခန်းအားသိမ်းပိုက်ခဲ့စဥ်။ဓါတ်ပုံ-NUG-MOD ၊ P2-3702

ဇွန်-၂၅၊၂၀၂၅။ထားမြတ်/People’s Spring

ပဲခူးတိုင်းအတွင်းစစ်ရေးအရှိန်မြင့်လာနိုင်ကြောင်း ဇွန်လ ၂၅ရက်က စစ်ကောင်စီတပ်စခန်း ၉ခုကို တပြိုင်တည်း တိုက်ခိုက်ရာ၌ ပါဝင်ခဲ့သည့် တပ်ရင်းတခုဖြစ်သောပဲခူးခရိုင်အမှတ်(၂)တပ်ရင်း(P2-3702) ဒုတပ်ရင်းမှူးက ပြောကြားသည်။

တောင်ပိုင်းစစ်ဒေသအမှတ်(၂)စစ်ဆင်ရေးနယ်မြေ အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်စခန်း ၉ခုကို PDFတပ်ရင်းတပ်ဖွဲ့များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များက ဇွန်လ ၂၅ရက်တွင် တပြိုင်တည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ဦး ထက်မနည်းသေဆုံးပြီး စစ်သုံ့ပမ်း ၃ဦး၊ လက်နက်မျိုးစုံ ၁၆လက် သိမ်းပိုက်ရရှိခဲ့သည်။

အဆိုပါ စစ်ဆင်ရေးတွင် ပဲခူးခရိုင် တပ်ရင်း(၂) -၃၇၀၂ တပ်ရင်းသည် KNLA တပ်ရင်း(၉)နှင့် ပူးပေါင်းပြီး ကျောက်တံခါးမြိုနယ် ဘုရားကြီးကုန်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသော ရန်သူ့စခန်းအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်က ၄ ဦးသေခဲ့ပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရခဲ့သည်။

Public Service Announcement

Public Service Announcement

“ဒီစစ်ဆင်ရေးကတောင်ပိုင်းတိုင်းမှာတပြိုင်တည်း စစ်ဆင်ရေးဖော်ဆောင်တဲ့အနေအထားပေါ့။ဗျူဟာ ၂၄၊ ၂၅၊ ၂၆ အဲဒီထဲကတခုပေါ့။ကျနော်တို့ ၃၇၀၂ တပ်ရင်းရဲ့ မစ်ရှင်ကလည်းအဲဒီအထဲက တခုပေါ့နော်။ဒီပဲခူးတိုင်းမှာစစ်ရေးကတော့ရှေ့လျှောက်ပိုပြီးတော့ အရှိန်မြှင့်မယ့်အနေအထားပါပဲ” ဟု ပဲခူးခရိုင် တပ်ရင်း(၂) ဒုတပ်ရင်းမှူးက ပြောသည်။

စစ်ရေးအခြေအနေမှာ စစ်ကောင်စီက မြို့ပေါ်သို့ တော်လှန်ရေးအင်အားစုများရောက်မလာရေးခံစစ်ပြင်နေသည့် အခြေအနေဟု၎င်းကဆက် ပြောသည်။

“ရန်သူကလည်း သူ့မြို့ပေါ် မရောက်ရေးအတွက်ကိုအင်အားတိုးပြီးခံစစ်ပြင်တာပေါ့။ဥပမာကျောက်တံခါး လိုမျိုး မြို့ဆိုရင် အခု ကျနော်တို့ လုပ်တဲ့ ရွာဆိုရင် ကျောက်တံခါးနဲ့ တမိုင်နီးပါး လောက်ပဲ ဝေးတယ်။ ပြီးရင်သူဌေးကုန်းတို့ဘာတို့နဲ့ဆိုလည်း အနီးလေးပေါ့။ အဲဒီအနေအထားမျိုးမှာ သူတို့ ခံစစ်ပြင်တယ်။ အခုကျနော်တို့ တိုက်တဲ့ စခန်းက သူတို့ ခံစစ်ပြင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ သူတို့ အချိန်မရခင် ကျနော်တို့ ဝင်ပြီး စစ်ရေးဖော်ဆောင်လိုက်တာ” ဟု ပဲခူးခရိုင်တပ်ရင်း(၂)ဒုတပ်ရင်းမှူးက ပြောသည်။

ပဲခူးခရိုင် တပ်ရင်း(၂)က ဇွန် ၂၅ ရက်နေ့တွင် တိုက်ခိုက်ခဲ့သည့် ကျောက်တံခါးမြိုနယ် ဘုရားကြီးကုန်းကျေးရွာတွင် စစ်တပ်က အင်အား(၄၀)ခန့်ဖြင့်အထိုင်ချတပ်စွဲထားခြင်းဖြစ်သည်ဟုသိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့များ စခန်းစွန့်ထွက်ပြေးသွားဟု ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ဆင်ရေးအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ၂ဦးထိခိုက်ခဲ့ပြီး ကျဆုံးသူမရှိဘဲ​အောင်မြင်စွာစခန်းသိမ်းနိုင်ခဲ့သည်ဟု ပြောသည်။

“ဒီပွဲမှာဆိုရင် ကျနော်တို့ ရဲဘော် ၂ယောက်အထိအခိုက်ရှိတယ်။ တယောက်က မစိုးရိမ်ရဘူး။တယောက်က ခေါင်းကို ထိသွားတယ်။ သူကတော့ နည်းနည်းစိုးရိမ်ရတဲ့အနေအထားရှိတယ်။ အဲဒီမှာ ဘယ်လိုဖြစ်လဲဆိုတော့ ဦးထုပ်ပေ့ါနော်။ ကျနော်တို့ ကျည်ကာတွေ ဦးထုပ်တွေက အရမ်းလိုအပ်တယ်” ဟု ပဲခူးခရိုင် တပ်ရင်း(၂) ဒုတပ်ရင်းမှူးက ပြောသည်။

တပ်ရင်းအနေဖြင့် ရဲဘော်အယောက်စီတိုင်းကို ကျည်ကာနှင့် ဦးထုပ်များ တပ်ဆင်ပေးနိုင်ခြင်းမရှိသေးကြောင်း၊ ပြည်သူလူထု၏ ထောက်ပံ့မှုဖြင့် သာ ရဲဘော်များအား ပံ့ပိုးပေးနိုင်မည်ဖြစ်၍ ပြည်သူများ တော်လန်ရေးကို ပိုမိုထောက်ပို့ပေးကြရန်လည်း ဒုတပ်ရင်းမှူးက တိုက်တွန်းသည်။

“ပြည်သူတွေကို သတင်းစကားပါးချင်တာကတော့ ပြည်သူတွေအနေနဲ့ ဒီတော်လှန်ရေးကာလမှာ ပင်ပန်းနေကြပြီဆိုတာလည်း ကျနော်တို့ နားလည်တယ်ပေါ့နော်။ ဒါပေမဲ့လည်း ပြည်သူ့အားနဲ့မှ ကျနော်တို့က ဆက်သွားရမယ့်အနေအထားဆိုတော့ ဆက်လက်ပြီးတော့ ထောက်ပို့ပေးကြဖို့ သတင်းစကား ပါးချင်ပါတယ်ဗျာ” ဟု ပဲခူးခရိုင် တပ်ရင်း(၂) ဒုတပ်ရင်းမှူးက ပြောသည်။

ပဲခူးခရိုင် တပ်ရင်း(၂)သည် ကျောက်တံခါး မှ ပဲနွယ်ကုန်းအထိ စစ်မျက်နှာဖွင့်ထားသကဲ့သို့ ပဲနွယ်ကုန်း-နတ်သံကွင်း၊နတ်သံကွင်း-ကျောက်ကြီးလမ်းကြော၌လည်း အင်အားများဖြန့်ထားသည်ဟုသိရ သည်။

ထိုအပြင် စစ်ကောင်စီတပ်သားများအလင်းဝင်ရန်လည်း ဒုတပ်ရင်းမှူးက တိုက်တွန်းလိုက်သည်။ ၎င်းတို့ တပ်ရင်းထံ အလင်းဝင်သမျှ ပြည်သူ့စစ်မှုထမ်းအများစုသည် ပေါ်တာဆွဲခံရသည့်သူများသည်ဟုလည်း ပြောပြသည်။

“ရောက်တဲ့နယ်မြေနဲ့ နီးစပ်တဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီး အလင်းဝင်ကြဖို့ မှာချင်တယ်။ ပြီးတော့ အလင်းဝင်ရင်လည်း တပါတည်းလက်နက်ကို ယူဆောင်လာခဲ့ဖို့ပေါ့နော်။ အဓိက လက်နက်ခဲယမ်း ပါရင်တော့ ပစတွေ အတွက် သူတို့အတွက်လည်း ပိုပြီး အဆင်ပြေတယ်။” ဟုဒုတပ်ရင်းမှူးက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ ယမန်နေ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် PDF ပဲခူးတိုင်း စစ်ဌာနမှ ပဲခူးတိုင်းအတွင်း စစ်ဆင်ရေးများ တိုးမြှင့် ဆောင်ရွက်လျက်ရှိ၍ ပြည်သူများ ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံထားသည်။

PDF နှင့် KNLA ပူးပေါင်းတပ်များသည် ယခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းက ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ်အတွင်း ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်စွဲရာဂိတ်စခန်း ၇ခုကို တိုက်ခိုက်ဖျက်ဆီးခဲ့ရာ ထိုစဉ်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦးသေဆုံးခဲ့သည်။

မတ်လတွင်လည်း ကျောက်တံခါးမြို့နယ် စဉ့်အိုးလဟာရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF/KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၂ဦး သေဆုံးကာ လက်နက်အချို့ရရှိခဲ့ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲက အသိပေးထားသည်။မတ်လကုန်ပိုင်းတွင်လည်းရန်ကုန်-မန္တလေး အမြန်လမ်းရှိ ရဲစခန်းများ နှင့် ပေါက်ခေါင်း-အုတ်တွင်း အမြန်လမ်းပိုင်းအတွင်း ဝင်လာသည့် စစ်သားများကို PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သည်။

ဧပြီလကုန်ပိုင်းတွင်လည်းပဲခူးတိုင်းအနောက်ခြမ်း သာယာ၀တီခရိုင်၊မင်းလှမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းကို PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ သား ၁၀ဦး သေဆုံးကာ လက်နက် ၁၂လက် သိမ်းရခဲ့သည်။ အလားတူဧပြီလကုန်ပိုင်း၌ပင် ပဲခူးတိုင်းကျောက်ကြီးမြို့နယ်ရှိ ကျွန်းကုန်း၊ ရင်းတိုက်ကုန်း၊ တောင်စု၊ ရန်မျိုးအောင်၊ တမာခေါရွာများ နှင့် နောင်ကုန်းတံတား၌ တပ်စွဲထားသည့် စစ်တပ်စခန်းများကို PDFနှင့် KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူး အပါအဝင် ၂၀ကျော်သေဆုံးကာလက်နက်မျိုးစုံ အလက် ၃၀ကျော် သိမ်းပိုက်ရရှိခဲ့သည်။

မေလဆန်းကလည်းပဲခူးတိုင်း၊နတ်တလင်းမြို့နယ် ဒမငယ်ရွာ ရှိ စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းတပ်စွဲထားသည့် ကင်းစခန်းကို PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးသေဆုံးကာ လက်နက် ၆လက်နှင့် ကျည်၊ ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့သည်။

ပဲခူးတိုင်းအတွင်း ယခုနှစ်တိုက်ခိုက်မှုများတွင် အကြီးမားဆုံးစစ်ဆင်​ရေးအဖြစ်မေလ ၈ ရက်နေ့က ရွှေကျင်မြို့နယ်အခြေစိုက်စစ်တပ်၏ ခမရ(၅၉၈) တပ်ရင်းဌာနချုပ်ကိုPDF/KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်မျိုးစုံ အလက် ၈၀ ကျော် သိမ်းပိုက်ရရှိခဲ့သည်။ စစ်ကောင်စီ ၃၀ကျော်သေဆုံးကာ စစ်သုံံ့ပမ်းအချို့လည်း ဖမ်းမိခဲ့သည်။

ထို့အပြင်မေလ ၁၈ရက်လည်းပဲခူးတိုင်း၊ပဲခူးမြို့နယ် ဇီးတောရွာ စစ်ကောင်စီ ကာကင်းစခန်းကို PDFများက တိုက်ခိုက်ခဲ့ရာ လက်နက် ၁၀ လက်ကျော်သိမ်းရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲကအမြောက်တပ်(၃၄၄)နဲ့ ပဲခူးတိုင်းအုတ်ဖိုမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက် ဗုံးကြဲခုခံနေရပါတယ်။

သတင်း

အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်လို့ စစ်တပ်အနီးမနေကြဖို့ (၂၂)ဗျူဟာမှူး သတိပေး

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။

သတင်း

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တိုက်ပွဲအတွင်း ရန်ကုန်တိုင်းစစ်ဌာန၊ ရန်ကုန်(၅၁၀၂)တပ်ရင်းလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၅ဦး ကျဆုံးခဲ့ရတယ်လို့ အဲဒီတပ်ရင်းက ဒီကနေ့ ဧပြီ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။