ဇူလိုင် – ၂၅ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring
ကရင်ပြည်နယ် ၊ ဘားအံအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ထောင်ဝန်ထမ်းတွေက ဝိုင်းဝန်းရိုက်နှက်တာ ကြောင့်သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဒီနေ့ ( ဇူလိုင် ၂၅ ရက် )မှာ ထုတ်ပြန်ပါတယ်။
ဇူလိုင် ၂၁ ရက်ကနိုင်ငံရေးအကျဉ်းသားကိုအောင်နိုင်စိုး (ခ) ကရင်လေးကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်တာလို့ PPNM ကဆိုပါတယ်။ ရိုက်နှက်ခံရတဲ့နေ့မှာပဲ ရရှိတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားတာလို့သိရပါတယ်။
ကိုအောင်နိုင်စိုးဟာ တန်းပိတ်ချိန် သက်ကြီးဆောင်မှာ အကျဉ်းသားချင်း စကားများမှုမှာ ပါဝင်တယ်လို့ဆိုပြီး ထောင်ဝန်ထမ်းတွေက အပြင်ကို ခေါ်ထုတ်ပြီး ရိုက်နှက်ခဲ့တာလို့ PPNM က ဖော်ပြပါတယ်။

Public Service Announcement
“အကျဉ်းသားချင်းစကားများသည့်တိုင်အောင် အကျဉ်းထောင်မှာ လုပ်ထုံးလုပ်နည်းနဲ့ထိန်းရမယ့် နည်းစနစ်တွေရှိပါတယ်၊ဝိုင်းဝန်းရိုက်နှက်တဲ့ကိစ္စက လုံးဝမလုပ်သင့်တဲ့ကိစ္စပါ၊ ဒါဟာလူသတ်မှုကျူးလွန်တာဖြစ်တယ်”လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောပါတယ်။
ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေကြောင့်သေဆုံးသွားတာကိုနှလုံးရောဂါကြောင့် သေဆုံးသွားတယ်ဆိုပြီး ထောင်ဘက်က လိမ်လည်ထွက်ဆိုတာတွေရှိနေတယ်လို့သူက ဆိုပါတယ်။
အကြမ်းဖက်ပုဒ်မ နဲ့ ထောင်ဒဏ် ၇ နှစ် ကျခံနေရတဲ့ ကိုအောင်နိုင်စိုးရဲ့ ကိုယ်ရေးအချက်အလက်ကိုတော့ PPNMအနေနဲ့ စုံစမ်းအတည်ပြုဆဲဖြစ်ပြီး မသေဆုံးခင်ဆေးကုသခွင့်ရရှိမှု ရှိ ၊မရှိ အခြေအနေကိုလည်း မသိရသေးပါဘူး။
စစ်တပ်ရဲ့တကျော့ပြန်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွေထဲမှာ လုံလောက်တဲ့ ကျန်းမာရေး ကုသမှုခွင့် နဲ့ ဆေးဝါး မရတာကြောင့် ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ခုနှစ် ဇူလိုင်လ ၂၅ရက်အထိအသက်ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား၊သူ ၆၁ဦးထိရှိခဲ့တယ်လို့ PPNM ရဲ့ စာရင်းအရသိရပါတယ်။


















































