ဇူလိုင်-၃၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
စစ်ကောင်စီ၏ ခလရ(၄၀၃)တပ်ရင်းမှတပ်ဖွဲ့ဝင်တစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ(၄)ထံ ဘက်ပြောင်းခိုလှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ဇူလိုင် ၃၀ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
KNU မြိတ်-ထားဝယ်ခရိုင် KNLA တပ်မဟာ(၄) တပ်ရင်း(၁၂)၊ တပ်ခွဲ(၂) ထံသို့ ခလရ(၄၀၃) တပ်ရင်း ဝင်း၀တပ်စခန်းမှ တပ်သား မောင်ကျော်ကျော်သည် ဇူလိုင် ၂၉ရက်က အလင်းဝင်လာဟု အသိပေးထားပြီး လက်နက်ပါမပါ ဖော်ပြထားခြင်းမရှိပေ။
စစ်ကောင်စီတပ်မှ စွန့်ခွာလာခြင်းမှာ ခလရ(၄၀၃)တပ်ရင်းတွင် အထက်အရာရှိများက တပ်ဖွင့်ဝင် အချင်းချင်းမှ ဖိနှိပ်ညှင်းပန်းမှုများပြုလုပ်၍ စခန်းစွန့်လာခြင်းဖြစ်ကြောင်း တပ်သား မောင်ကျော်ကျော်က ပြောကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement
KNLA ဗဟိုကလည်း စစ်ကောင်စီတပ်မှ ထွက်ပြေးလွတ်မြောက်လာသူ စစ်ကောင်စီတပ်သားအချို့၏ ထွက်ဆိုချက်များကို ယခုရက်ပိုင်းတွင် ထုတ်ပြန်ထားရာ သထုံအခြေစိုက် ခလရ(၂၄)တပ်ရင်းမှ တပ်သားရန်အောင်မိုးက ၎င်း၏ အတွေ့အကြုံကို ပြောပြရာ အုပ်ချုပ်ရေးမှူးက လှည်းကူးမြို့သို့ ခဏလိုက်ခဲ့ရန် ခေါ်သွားရာမှ ဘုရင့်နောင်စုဆောင်းရေးသို့ ရောက်ရှိကာ တပ်သားစုဆောင်းခံရဟု ပြောသည်။
စစ်ကောင်စီတပ်တွင်း၌ ပြည်သူ့စစ်မှုထမ်းတပ်သားသစ်များကို ခွဲခြားဆက်ဆံမှုများစွာရှိနေကြောင်း တပ်သား ရန်အောင်မိုးက ပြောပြသည်။
“ပြီးရင် ကျနော်တို့ကို ရှေ့တန်းအားလုံးပို့တယ်။ ခွဲခြားဆက်ဆံမှုလည်း အများကြီးရှိပါတယ်။” ဟု ၎င်းကပြောပြီး တပ်တွင်း ကျန်နေသူအများစုမှာလည်း စိတ်မပါကြကြောင်း ပြောသည်။
တပ်မ(၅၅) လက်အောက်ခံ ခမရ(၅၁၁)တပ်ရင်းမှ တပ်သားသန်းအောင်ကလည်း အလုပ်ပြုတ်လာ၍ ဘီယာဝင်သောက်စဉ် မိုးချုပ်သွား၍ စစ်ကောင်စီပတ်ကင်းနှင့်တွေ့ပြီး စစ်သား စုဆောင်းခံရဟု ပြောသည်။
“တပ်ထဲမှာ အဆင်မပြေဘူး ထိုးကြိတ်ခံရတာ ဖိနှိပ်ခံရတာရှိတယ်။ ပြီးရင်ဘာအတွက် တိုက်နေရတယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ကျနော်မသိဘူး။ အဲဒါကြောင့်တော်လှန်ရေး အဖွဲ့အစည်းထဲမှာ ကျနော်အလင်းဝင်လာတာဖြစ်ပါတယ်”ဟု တပ်သားသန်းအောင်က ပြောသည်။
တော်လှန်ရေးတပ်များက ဖိနှိပ်ခြင်းမရှိ၍ စစ်ကောင်စီတပ်သားများ အမြန်ဆုံး အလင်းဝင်ရောက်ကြရန်လည်း ၎င်းက ဖိတ်ခေါ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေးတပ်ဖွဲ့များကလည်း အဓမ္မ စစ်သားစုဆောင်းခံရသည့် တပ်သားသစ်များအနေဖြင့် အခွင့်သာပါက ရသည့်နည်းဖြင့်နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်အလင်းဝင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

















































