ဇူလိုင်-၃၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
မွန်ပြည်နယ် သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့ရှိ စစ်ကောင်စီတပ်၏ ကင်းစခန်း ၂ခုကို ကရင်၊ မွန် တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်မှုရှိကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ယနေ့(ဇူလိုင် ၃၁ရက်)သတင်းထုတ်ပြန်သည်။
သံဖြူဇရပ်မြိုနယ်၊ အနင်းကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းမှထွက်လာသော အင်အား(၄၀)ခန့်ရှိ တိုက်ကင်းအား ဇူလိုင် ၂၉ရက်တွင် တိုက်ခိုက်ခဲ့ပြီး ရေးမြို့နယ် ကွမ်ကျိုက်ရွာအနီးရှိ စစ်ကောင်စီ၏ ကင်းစခန်းကို ဇူလိုင် ၃၀ရက်က တိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။
ယခု တိုက်ခိုက်မှုများသည် စစ်ကောင်စီကြိုးပမ်းနေသည့် ရွေးကောက်ပွဲ မဖြစ်မြောက်ရေး၊ စစ်ရေးအရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း MSRF ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောသည်။

Public Service Announcement
“ ဒီအာဏာသိမ်း စစ်ကောင်စီက ရွေးကောက်ပွဲ ဖြစ်မြောက်ရေး အတွက်ကို မတရားတဲ့ ဥပဒေတွေ ပြင်းထန်တင်းကြပ်တဲ့ ဥပဒေတွေထုတ်ပြီးတော့ နိုင်ငံရေးထွက်ပေါက်ရဖို့ အတွက်ကြိုးစားနေပါတယ်”ဟု မိတလဉာဏ်က ပြောသည်။
ထို့အပြင် ပြည်သူများအနေဖြင့်လည်း စစ်အာဏာရှင်များ သက်ဆိုးရှည်စေမည့် ၎င်းတို့ကြိုးပမ်းနေသည့် ရွေးကောက်ပွဲ၌ ပါဝင်ခြင်းမပြုရန် လည်း ၎င်းက တိုက်တွန်းသည်။
MSRF၏ ထုတ်ပြန်ချက်အရ ဇူလိုင် ၂၉ရက် သံဖြူဇရပ်မြို့နယ်အတွင်း တိုက်ပွဲတွင် စစ်ကောင်စီတိုက်ကင်းအဖွဲ့ကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) နှင့် မဟာမိတ် KNLA တပ်ရင်း(၂၇) တပ်ခွဲ(၁) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ယင်းတိုက်ပွဲမှာ မိနစ် ၂၀ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၃ဦးသေ၊ ၂ဦးဒဏ်ရာရရှိကာ တော်လှန်ရေး ပူးပေါင်းတပ်မှ ထိခိုက်မှုမရှိဟု အသိပေးသည်။
ရေးမြို့နယ်ရှိ စစ်ကောင်စီ၏ ကင်းစခန်းတိုက်ခိုက်မှုကို MSRF၊ YPDF နှင့် မဟာမိတပ် KNLAတပ်ရင်း (၂၇) တပ်ခွဲ(၁) တို့မှ တိုက်ခိုက်ခဲ့ရာ နာရီဝက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးခဲ့ပြီးတော်လှန်ရေး ပူးပေါင်းတပ်ကထိခိုက်မှုမရှိဟု ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲများအတွင်း ရန်သူ့စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် အကြိမ် ၃၀ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ဟု ဆိုသည်။


















































