အောက်တိုဘာ ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ(၃၃)က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၇ရက်က သံဖြူဇရပ်မြို့နယ်၊ရဲတံခွန်ကျေးရွာမှာ အင်အား(၈၀)ခန့်နဲ့ အခြေပြုထားတဲ့ စစ်ကြောင်းမှ တိုက်ကင်းထွက်လာတဲ့ အင်အား(၁၃)ဦးပါ တပ်စုကို PDF နည်းဗျူဟာ (၃၃)ကွပ်ကဲမှုအောက်ရှိ အမှတ် ၈၀၀၁ တပ်ရင်း(YGF)ချေမှုန်းရေးတပ်ဖွဲ့နဲ့ KNU လက်အောက်ခံတပ်တွေပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်ကို လက်နက်ငယ်တွေ၊ ၇၉ လောင်ချာတွေ အသုံးပြုပြီး ပြောက်ကျားစနစ်နဲ့ ကြားဖြတ်ခြုံခိုတိုက်ခိုက်ခဲ့ရာမှာ မိနစ်အနည်းငယ်ကြာ ထိတွေ့မှု ဖြစ်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက်မှုအချို့ရှိခဲ့ပြီး သေဆုံးမှု အခြေနေ စုံစမ်းဆဲဖြစ်တယ်လို့ အသိပေးပါတယ်။

Public Service Announcement
တိုက်ခိုက်ခံရတဲ့ စစ်တပ်ဟာ ရဲတံခွန်ကျေးရွာအတွင်း ဆုတ်ခွာထွက်ပြေးသွားကြောင်း ဖော်ပြထားပါတယ်။
အဲဒီ စစ်ဆင်ရေးမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားပါတယ်။
ဗျူဟာ(၃၃)ရဲ့ညီနောင်မဟာမိတ်ဖြစ်တဲ့ မွန်တပ် MSRFကလည်း အောက်တိုဘာ ၉ရက်ညပိုင်းက မွန်ပြည်နယ်၊ ရေးမြိုနယ်တောင်ပိုင်း ခေါဇာမြို့ အခြေစိုက် (ခလရ-၃၁)တပ်ရင်းကို ပြောက်ကျားတိုက်ခိုက်ခဲ့ပါသေးတယ်။
မွန်နဲ့ တနင်္သာရီအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်တွေဟာ စစ်တပ်စခန်းနေရာတွေ စစ်ကြောင်းတွေကို ပြောက်ကျားတိုက်ခိုက်တဲ့စစ်ဆင်ရေးတွေ အခါအားလျော်စွာ ဖော်ဆောင်လျက်ရှိပါတယ်။
ဒါ့အပြင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ငှက်ပျောတောကျေးရွာအုပ်စု ဇီးကုန်းကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ ပြည်သူလူထုနေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
အောက်တိုဘာ ၉ရက် နေ့လည်ပိုင်းနဲ့ ညပိုင်းတွေမှာ စစ်တပ်က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ပြည်သူနေထိုင်ရာကို ဒရုန်း ၂စင်းနဲ့ ဗုံးသီး ၄လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အခု တိုက်ခိုက်မှုမှာ ပြည်သူသေဆုံးထိခိုက်တာမရှိပေမဲ့ အောက်တိုဘာလဆန်းတုန်းက စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် ဇီးကုန်းရွာက ကလေးငယ် ၁ဦးသေဆုံးခဲ့ရပါတယ်။
အောက်တိုဘာ ၂ရက် နေ့လည်ပိုင်းမှာ စစ်တပ်ရဲ့ တပ်မ (၄၄) က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ကျိုက်ထိုမြို့နယ် ဇီးကုန်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အသက် ၃နှစ် အရွယ် ကလေးငယ် သေဆုံးခဲ့ရတယ်လို့ သတင်းရင်းမြစ်က ပြောပြပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ တပ်မ(၄၄) လက်အောက်ခံတပ်တွေဟာ ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့လို့ အရပ်သား ပြည်သူသေဆုံးထိခိုက်မှု အိုးအိမ်ပျက်စီးမှုတွေ မကြာခဏ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ကျိုက်ထိုနယ်ကို စစ်တပ်က တိုက်ပွဲမရှိဘဲ လေကြောင်းဗုံးကြဲတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။



















































