စက်တင်ဘာ-၁၃၊ ၂၀၂၅။ဇော်ဝင်း/People’s Spring
ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက်က စက်ဘီးခိုးမှုကျူးလွန်သူဆိုတဲ့အမျိုးသားကိုရပ်ကွက်ရုံးကဖမ်းဆီးပြီးစစ်တပ်ထံ အပ်နှံပေးလိုက်လို့ စစ်မှုထမ်းဖို့ပါသွားတယ်လို့ ရပ်ကွက်နေသူနဲ့ ရုံးပိုင်ဆိုင် ရာနီးစပ်သူတွေက လူထုနွေဦးကို ပြောပါတယ်။
စက်တင်ဘာ ၁၂ ရက် နေ့လယ်၃နာရီခန့်က ဇေယျာမွန်အိမ်ယာရဲ့အနောက်ဘက်ခြမ်းမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
“ ကောင်လေးက အသက်မကြီးသေးဘူး။အလွန်ဆုံးရှိ ၃၀စွန်းစွန်းပဲ။သူနဲ့အတူ လေးငါးနှစ်သားလောက်ရှိတဲ့ ကလေးလည်းပါတယ်။ဝိုင်းရိုက်ကြတော့ ကလေးက သားအဖေကို မလုပ်ကြပါနဲ့ ဆိုပြီ ငိုတယ်။တော်တော်လေးကို စိတ်မကောင်းစရာမြင်ကွင်းပဲ။လူတွေက ငတ်ပြတ်နေကြပြီလေ” လို့ မျက်မြင်တွေ့ရှိခဲ့သူက ပြောပါတယ်။

Public Service Announcement
ဖမ်းဆီးခံရသူကို ရပ်ကွက်ရုံးက အဲဒီနေ့ ညနေပိုင်းမှာပဲ မရမ်းကုန်းနဲ့ လှိုင်မြို့နယ် ကြားမှာရှိတဲ့ စစ်တပ် တပ်ထိန်းရုံးကို ပို့လိုက်တယ်လို့ ရပ်ကွက်ရုံးနဲ့ နီးစပ်သူတွေနဲ့ ရပ်ကွက်အတွင်းနေထိုင်သူတွေက အတည်ပြုပါတယ်။
“ စစ်မှုထမ်းအဖြစ် ပါသွားပြီလေ။သူနဲ့အတူပါတဲ့ ကလေးကိုတော့ လာယူဖို့ ချိတ်ထားတယ်ကြားတယ်။လှိုင်သာယာဘက်ကလို့ လောလောဆယ် ကြားတယ်” လို့ မရမ်းကုန်း (၁)ရပ်ကွက်ရုံးတာဝန်ခံနဲ့ နီးစပ်တဲ့ ဆွေမျိုးတစ်ဦးက ပြောပါတယ်။
အခုနောက်ပိုင်း ခိုးဆိုးလုနှိုက်သူတွေဖမ်းမိရင် စစ်တပ်ထံ ပို့ရမယ်ဆိုတဲ့ လမ်းညွှန်မှုတွေရှိနေတယ်လို့လည်း သိရပါတယ်။
“ ဒီကောင်တွေက ဘာမှ အသုံးမဝင်ဘူး။အသိုင်း အဝိုင်းရှုပ်တယ်။တပ်ထဲ သေသေရှင်ရှင်ပို့ရမယ့် ကိစ္စက ကောင်းတယ်။စစ်တပ်က အခု ခေါ်နေတာကိုလည်း သဘောတူတယ်” လို့ အင်းစိန်မြို့နယ် အုပ်ချုပ်ရေးပိုင်းမှာ ဆောင်ရွက်နေသူတဦးက ပြောပါတယ်။
ရန်ကုန်မြို့မှာ မရမ်းကုန်းမြို့နယ်က စစ်ကောင်စီတပ် ဖွဲ့စည်းပေးထားတဲ့ ပျူစောထီးတွေအများအပြားရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
၂၀၂၃က အသတ်ခံခဲ့ရတဲ့ လူမိုက်ကျော်ဝင်းစိန် ရဲ့ ညီဖြစ်သူ ကျင်းဟုတ်က မရန်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံမှာ လောင်းကစားရုံ ဖွင့်လှစ်ထားနိုင်တယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းတာ ၄နှစ်ကျော်ချိန်မှာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေ ၊ ပြည်သူတွေအကြပ်တွေ့အောင်လုပ်တဲ့ မူဝါဒတွေ ၊ပြည်ပရင်းနှီးမြှပ်နှံမှုကျဆင်းတာ ၊ကုန်သွယ်ရေးကျဆင်းတာ၊ စစ်တပ်က လူငယ်တွေကို အဓမ္မစစ်သားစုဆောင်းစစ်တိုင်ခိုင်းတာ ၊လူငယ်တွေ နိုင်ငံတွင်းကထွက်ပြေးနေရတာ ၊ နိုင်ငံတစ်ဝန်းတိုက်ပွဲတွေဖြစ်ပွားတာ၊ လာဘ်စားမှူကြီးထွားလာ၊ မှုခင်းတွေထူပြောပြီး တရားဥပဒေစိုးမိုးမှုမရှိတာစတာတွေကြောင့်နိုင်ငံစီးပွားရေး ဆက်တိုက်ကျဆင်းနေပါတယ်။
ငွေကြေးဖောင်းပွမှုက ၂၀၂၁ကထက် ၄ ဆပိုဖောင်းပွလာပြီး နိုင်ငံတစ်ဝန်း ပြည်သူသုံးဦးမှာ တဦးက ဝလင်အောင်မစားရပဲ ဆာလောင်မွတ်သိပ်မှုကြုံနေရတယ်လို့ WFP က မကြာသေးမီက ထုတ်ပြန်ပါတယ်။ဒါကြောင့် မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ ဆာလောင်မွတ်သိပ်မှုရင်ဆိုင်နေရသူ အများဆုံးငါးနိုင်ငံမြောက်နိုင်ငံဖြစ်လာပါတယ်။

















































