ကန့်ဘလူခရိုင်ပကဖမှ ဦးဆောင်ပြီး ဇီးကုန်းမြို့ရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်းတွေထဲက ကိုယ်ဝန်ဆောင်မိခင်တဦးအပေါ် ပကဖ ရဲဘော်တွေရဲ့ ပြောဆို၊ပြုမူဆက်ဆံပုံအပေါ် ပြည်သူတွေချီးကျူးနေကြပါတယ် ။
ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီအဓိကတပ်စွဲထားတဲ့ဇီးကုန်းမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကစက်တင်ဘာလ ၁၇ ရက်နေ့ ညနေမှာ စီးနင်းတိုက်ခိုက်ခဲ့ကြတာပါ။
ကန့်ဘလူခရိုင်ပကဖမှ ဦးဆောင်ပြီး ရေဦးဓူဝံပကဖနဲ့ နယ်မြေခံပကဖတွေ ပူး ပေါင်းတိုက်ခိုက်ခဲ့ကြတဲ့ အဲ့ဒီစစ်ဆင်ရေးမှာ စစ်ကောင်စီအရာရှိအပါအဝင်၆ဦးသေဆုံးပြီး ၁၁ဦး ဖမ်းမိခဲ့ပါတယ်။သုံ့ပန်း ၁၁ ဦးထဲမှာ စစ်ကောင်စီအရာရှိနဲ့အတူ ၎င်းရဲ့ကိုယ်ဝန်ဆောင်ဇနီးသည်လည်း ပါလာပါတယ်။

Public Service Announcement
တိုက်ပွဲထဲမှာ အဲ့ဒီကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ စစ်သုံပန်းအရာရှိကို ပကဖ နဲ့ PDF ရဲဘော်တွေရဲ့ဆက်ဆံပုံက စစ်သည်ကျင့်ဝတ်ကို အတိအကျလိုက်နာနေတဲ့ ရဲဘော်တွေအဖြစ် သက်သေထူလိုက်နိုင်ပါတယ်။
စစ်သုံ့ပန်းနဲ့ သူ့ဇနီး ကိုယ်ဝန်သည်ကို ခေါ်လာချိန်မှာ”ခများတို့ကို ဘာမှမလုပ်ဘူးနော်။ ကျတော်တို့က ကတိတည်တယ်နော်”လို့ ပကဖတပ်ဖွဲ့ဝင်တဦးက ပြောနေပါတယ်။
ကြောက်လန့်နေတဲ့ ကိုယ်ဝန်သည်ကို ” အမဘာမှမဖြစ်ဘူး” လို့ အားပေးပြီး ” ဟေ့ရောင်တွေ ဗိုက်ဖုံးအင်္ကျီတဲ့လို့” ဆိုပြီး ဝမ်းခေါင်းသံပါပါနဲ့ အော်ပြောနေပါတယ်။
စစ်သုံ့ပန်းကလည်း “အင်္ကျီလေးဝတ်ချင်လို့”လို့ တောင်းဆိုတာကို ခွင့်ပြုပေးခဲ့ပါတယ်။
အဲ့ဒီစစ်သုံ့ပန်းက ” ဗိုက်ဖုံးအင်္ကျီ နှစ်ထည်သုံးထည်လောက်” လို့တောင်းဆိုချိန် ” ဗိုက်ဖုံးအင်္ကျီတဲ့။ ယူခဲ့ပေးလိုက်ကြစမ်းပါကွာ” ဆိုပြီးသူ့ရဲဘော်ရဲဘက်တွေကို လှမ်းအော်ပြောလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံး လိုက်နာရမယ့် စစ်သည်ကျင့်ဝတ်တွေအနက် “လက်နက်ချအညံ့ခံသူများနှင့် ဖမ်းဆီးထိန်းသိမ်းထားသူများကို အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေ (IHL)၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ (IHRL)ပါ ပြဋ္ဌာန်းချက်များအတိုင်း လူ့ဂုဏ်သိက္ခာနှင့်အညီ ဆက်ဆံရမည်။ လုံလောက်သော အစားအစာ၊ ရေ၊ အဝတ် အထည်၊ နေရာနှင့် ဆေးဝါးကုသမှုများ စီစဉ်ပေးရမည်” လို့ ပါဝင်ပါတယ်။
ဒါကို PDFတွေ ၊ပကဖတွေက အတ်ိအကျလိုက်နာခဲ့ကြပါတယ်။
စခန်းတစ်ခုလုံးကို နာရီဝက်အတွင်း အပြီးသတ်စီးစီးနင်းတိုက်ခိုက်ခဲ့တဲ့ PDF တွေဟာ တိုက်ပွဲထဲမှာ လူသားဆန်တဲ့ အပြုအမူနဲ့ ကြင်နာမှုကို ပြလိုက်သလို တစ်ချိန်တည်းမှာပဲ တိကျပြတ်သားစွာနဲ့စစ်ဆင်ရေးကို အပြီးသတ်ခဲ့ကြပါတယ်။
သုံ့ပန်းတွေကို ခေါ်ထုတ်ပြီး လက်နက်ခဲယမ်းတွေ ယူဆောင်အပြီးမှာ စခန်းကို မီးရှိူ့ဖျက်ဆီးလိုက်ကြတာပါ။
အခုအခါမှာတော့ စစ်သုံ့ပန်းတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ PDFတွေဆီမှာ လုံလုံခြုံခြုံရှိနေကြပါပြီ။
အာဏာရှင်လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ရန်သူဖြစ်ပေမယ့် သုံ့ပန်းအဖြစ် ထိန်းလိုက်ချိန်မှာ စစ်သည်ကျင့်ဝတ်လိုက်နာပုံနဲ့ စာနာတတ်တဲ့နှလုံးသားကို ပြသနိုင်ခဲ့တဲ့ PDFတွေရဲ့ အပြုအမူအပေါ် လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက အခုလိုမှတ်ချက်ပြုလိုက်ပါတယ်။
” ဘယ်လောက်တောင်လူသားဆန်လိုက်ပါသလဲ”
အခြားလူမှုကွန်ယက်သုံးစွဲသူတစ်ဦးကလည်း “ဗိုက်ဖုံးအင်္ကျီတဲ့ဟ။ ယူပေးလိုက်ကြစမ်းပါကွာ”တဲ့ ပကဖ ရဲဘော်တစ်ဦး ပြောလိုက်တဲ့စကား… ရင်ထဲကိုနင့်သွားတာပဲ ။တိုက်ပွဲကြားမှာ ကိုယ်ဝန်ဆောင်သည်တစ်ဦးမိလာတဲ့အခါ စကားပြောဆိုပုံကအစ ချက်ချင်းကိုလေသံပြောင်းပျော့သွားတာ”လို့ မှတ်ချက်ပြုပါတယ် ။


















































