စက်တင်ဘာ -၂၇ ၊ ၂၀၂၅။ဇော်ဝင်း/People’s Spring
စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့အနီးတိုက်ပွဲဆက်ဖြစ်နေပြီး ရှမ်းနီတပ် SNA တပ်သားနှစ်ဦး အရှင်ဖမ်းမိပြီး ရုပ်အလောင်းသုံးလောင်းနဲ့ လက်နက်တွေ သိမ်းရတယ်လို့ ဗန်းမောက်တိုက်ပွဲကရဲဘော်တွေက လူထုနွေဦးကို ပြောပါတယ်။
စက်တင်ဘာ ၂၀ ရက်က ဗန်းမောက်မြို့ကို အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုနဲ့ သိမ်းပိုက်ပြီးနောက် ရှမ်းနီတပ်တွေ ဆုတ်ခွာသွားတဲ့နေရာတွေနဲ့ မြို့မြောက်ဘက်ခြမ်းနဲ့အနောက်ဘက်က ကာကင်းနေရာတဝိုက်မှာ တိုက်ပွဲတွေဖြစ်နေတာလို့ ဆိုပါတယ်။
“ပြီးခဲ့တဲ့ လေးရက်က မြို့အထက် ခမိုးတာဝါတိုင် ကုန်းမှာနယ်မြေရှင်းရင်းနဲ့ သူတို့ ကာကင်းပွိုင့်ကုန်း တိုးတော့ဖြစ်တာ။အရှင်နှစ်ယောက်မိတယ်။အလောင်းနှစ်လောင်း။တလောင်းပျောက်တယ်။ဂန်း ငါးလက်ရတယ်”လို့ ဗန်းမောက် PDF တပ်ဖွဲ့ဝင်က တိုက်ပွဲဖြစ်စဉ်အပေါ် ရှင်းပြပါတယ်။

Public Service Announcement
ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ဗန်းမောက်မြို့ ပတ်လည်ကို နယ်မြေရှင်းလင်းတာတွေဆက်လုပ်နေတယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက အသိပေးပါတယ်။
“ဒီနေ့(စက်တင်ဘာ ၂၇ ရက်)ထိတွေ့မှု့ အသံတွေကတော့ ခုထိ ကြားနေရတုန်း”လို့ ဗန်းမောက်မြို့စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဗန်းမောက်မြို့မှာ ရဉ်ထွန်း (ဗျူဟာမှူး)ဦးစီးတဲ့ SNA တပ်မဟာ (၆၁၄၊ ၉၇၂)အပြင် ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား (၄၀၀) ဝန်းကျင် အခြေချနေထိုင်တဲ့ မြစ်သေးချင်းရွာ ကာကင်းကုန်း၊ မြစ်သေးချင်းရွာ၊ တာဝါတိုင်ကုန်း၊ အောင်ကမ္ဘာသိန်း KTV၊ ကျွဲကောကုန်းရွာ၊ မြစ်သေးချင်းရွာ ဘုန်းကြီးကျောင်းတွေကို စက်တင်ဘာ ၁၅ ရက်ကစပြီး ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် မြို့အနီးက ဒန်ဘို ဆီဆိုင်၊ ဘန်ဂလိုကုန်း၊ နားယကာရွာ၊ စက်တောရွာ၊ ကျွန်းတောင်စခန်းကုန်း၊ ဗန်းမောက်မြို ဗျူဟာကုန်း၊ အောင်သာကုန်းရွာစခန်းကုန်း၊ လွှစင်ကုန်း ဘုန်းကြီးကျောင်း၊ ဗန်းမောက်မြိုမစာသင်ကျောင်း၊ ဗန်းမောက်မြို့ ရဲစခန်း၊ မြနန္ဒာဘုန်းကြီးကျောင်း၊ နယ်စပ်ဒေသနဲ့တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတတ်ရေး သင်တန်းကျောင်း (နတလ)ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
မြို့သိမ်းတိုက်ပွဲမှာ G-3 နှစ်လက်၊ Uzi တစ်လက်၊ AK တစ်လက်၊ ကျည်မျိုးစုံတစ်သောင်းကျော် ၊ ၁၂၀ မမ ၊ ၈၁ မမ ၊ ၆၀ မမ ဗုံးသီး နဲ့ ဒရုန်းဗုံးသီး ၁၀၀ ကျော် သိမ်းရခဲ့တယ်လို့ ဆိုပါတယ်။
SNA ဗိုလ်တစ်ဦးအပါ အလောင်း ခုနစ်လောင်းကိုလည်း ရရှိပြီး တော်လှန်ရေးပူးပေါင်းတပ်က ရဲဘော် ခြောက်ဦး ကျဆုံးပြီး အချို့ ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီတပ်နဲ့ SNA က ရွှေချောင်းရွာ၊ ပင်းဟင်းခါးရွာနဲ့ သာယာကုန်းရွာတွေမှာ ကာကင်းထိုင်ထားပြီး အများစုက ဗန်းမောက်မြို့နယ် မြောက်ဘက်ခြမ်းကမံကုန်းရွာနဲ့ အနောက်တောရွာတွေကို ဆုတ်ခွာပူးပေါင်းသွားတယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့နယ်က အမျိုးသားညီညွတ်ရေးအစိုးရလက်အောက် တပ်ရင်း၊တပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အင်းတော်၊ မော်လူး နဲ့ ပင်လည်ဘူးမြို့အနီးမှာရှိပါတယ်။ကားလမ်းအတိုင်းဆိုပါက အင်းတော် မိုင် ၃၀၊ မော်လူး မိုင် ၅၀နဲ့ ပင်လည်ဘူးမြို့ ၆၁ မိုင် ဝန်းကျင်သာကွာဝေးပါတယ်။


















































