စက်တင်ဘာ ၂၉၊ ၂၀၂၅။ People’s Spring
မြန်မာနိုင်ငံကို အလုံးစုံပျက်စီးဆုံးရှုံး ယိုးယွင်းမှုထဲ တွန်းချခဲ့တဲ့ စစ်အုပ်စုဟာ နျူကလီးယား နည်းပညာကို ငြိမ်းချမ်းသော အရပ်ဖက်အသုံးပြုမှုအတွက် အသုံးပြုမှာမဟုတ်ဘူးလို့ အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောပါတယ်။
စက်တင်ဘာ ၂၆ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံ ဖျက်သိမ်းရေးနေ့ အထိမ်းအမှတ် High-level မျက်နှာစုံညီ အစည်းအဝေးမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားခဲ့တာပါ။
ပြည်သူပြည်သားတွေအပေါ် လွန်စွာဆိုးရွားသော စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုဟာ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုး အသုံးပြုနိုင်တဲ့ နျူကလီးယားနည်းပညာကို အရပ်ဘက်အသုံးပြုမှုအတွက်သာ ဆောင်ရွက်မှာမဟုတ်ဘူးလို့ သံအမတ်ကြီးက ကုလအဖွဲ့ဝင်နိုင်ငံတွေကို အသိပေးပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ ရွေးကောက်ခံ အရပ်သားအစိုးရ လက်ထက်မှာ မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက် စမ်းသပ်မှု ပိတ်ပင်ရေးဆိုင်ရာ စာချုပ် (CTBT)ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ခြင်းနဲ့ နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် (TPNW)ကို လက်မှတ်ရေးထိုးခဲ့ခြင်းတို့ဟာ နျူးကလီးယား လက်နက် အလုံးစုံဖျက်သိမ်းရေးဆိုတဲ့ စုပေါင်းရည်မှန်းချက် ပြည့်မီရေး အတွက် တိုးတက်မှု ရှိစေခဲ့တယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။
ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ တရားမဝင် အာဏာသိမ်းမှုကြောင့် နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ်(TPNW)ကို အတည်ပြု လက်မှတ် ရေးထိုးရေး လုပ်ငန်းအစီအစဉ်တွေရပ်ဆိုင်းသွားခဲ့ရပါတယ်။
နျူကလီးယားလက်နက်ဖျက်သိမ်းရေး အစီအစဉ်တွေ တိုးတက်မှု မရှိခဲ့တဲ့ အပြင် တရားမဝင် အာဏာသိမ်းစစ်တပ်ဟာ မြန်မာပြည်သူတွေအပေါ် လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကို အဆက်မပြတ် ဆက်တိုက်ပြင်းထန်စွာ ကျူးလွန်နေတယ်လို့ သံအမတ်ကြီးက ကုလအဖွဲ့ဝင်နိုင်ငံတွေကို အသိပေးပါတယ်။
တချိန်တည်းမှာ တရားမဝင် အာဏာသိမ်း စစ်အုပ်စုဟာ အန္တရာယ် ဖြစ်စေနိုင်တဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်မှု ရည်မှန်းချက်ကို ဆက်လက် လုပ်ဆောင်နေပြီး ငြိမ်းချမ်းစွာ အရပ်ဖက်အသုံးပြုဖို့လို့ အမည်တပ်ကာ နျူကလီးယားလက်နက်ပိုင် နိုင်ငံကြီးတစ်နိုင်ငံနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ တိုးမြှင့် ဆောင်ရွက်လာနေတယ်လို့ ဆက်လက် အသိပေးပါတယ်။
ဒီစက်တင်ဘာ နောက်ဆုံးပတ်မှာပဲ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံ၊ မော်စကိုမှာ ကျင်းပတဲ့ ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်ကို တက်ရောက်ခဲ့ပြီး ရုရှားနိုင်ငံနဲ့ နျူကလီးယား ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုဟာ ဒီနှစ်ကုန်မှာ ရွေးကောက်ပွဲတရပ်ကျင်းပဖို့ ပြင်ဆင်နေပြီး စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းအတွက် နိုင်ငံတကာမှ ပံ့ပိုး ကူညီမှု တစ်စုံ တရာ ပေးအပ်ခြင်းဟာ စစ်အုပ်စုရဲ့ အန္တရာယ်ကြီးမားတဲ့ နျူကလီးယား ရည်မှန်းချက်ကို ပြည့်မီစေရေးအတွက် အဆင့်တစ်ဆင့် နီးကပ်သွားစေမှာ ဖြစ်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ကမ္ဘာ့နိုင်ငံတွေကို သတိပေးပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ လွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲရလဒ်ကို အလေးမထားဘဲ ဒီမိုကရေစီ ကျကျ ပြည်သူတွေရွေးချယ်ခဲ့တဲ့ အစိုးရကို တရားမဝင် အာဏာသိမ်း ဖယ်ရှားခဲ့တဲ့ စစ်အုပ်စုဟာ လွတ်လပ်တရားမျှတ၍ အားလုံးပါဝင်သော ရွေးကောက်ပွဲကို ကျင်းပမှာမဟုတ်ဘူးလို့လည်း သံအမတ်ကြီးက ပြောပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ အနာဂတ် ဆုံးရှုံးမှုတွေကို တားဆီးပေးနိုင်ရေးအတွက် တရားမဝင် အာဏာသိမ်း စစ်အုပ်စုကို လက်နက်၊ ခဲယမ်း၊ တိုက်လေယာဉ်ဆီနဲ့ အရပ်ဖက် စစ်ဖက် နှစ်မျိုးသုံး ပစ္စည်းတွေ စီးဆင်း ထောက်ပံ့မှု များကို ချက်ချင်း ပိတ်ဆို့ရပ်တန့်ပေးဖို့ သံအမတ်ကြီးက ထပ်လောင်းတောင်းဆိုပါတယ်။


















































