အောက်တိုဘာ-၂၊ ၂၀၂၅။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီတပ်အတွင်း နည်းမျိုးစုံနဲ့ ရောက်နေတဲ့ လူငယ်တွေ ရတဲ့နည်းနဲ့ တော်လှန်ရေးဘက် ပူးပေါင်းကြဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင်ကရင်လူငယ်အစည်းအရုံး(KYO) အတွင်းရေးမှူး စောအယ်ထီးကော်က တိုက်တွန်းပြောပါတယ်။
KNUမြိတ်-ထားဝယ်ခရိုင်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄)ဆီကို စစ်ကောင်စီတပ်သားတွေ အခုရက်ပိုင်း အလင်းဝင်ရောက်မှုတွေ မကြာခဏ ရှိလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အခုလို ပြောပြတာပါ။
“လူငယ်ခေါင်းဆောင်တယောက်အနေနဲ့ လူငယ်တွေကို ပြောချင်တာက လက်ရှိ ရသလိုနဲ့ပေါ့ ။ တကယ်လို့ အဲဒီလိုမျိုး အဓမ္မ စစ်သားစုဆောင်းခံရပြီးတော့ ရှိနေတဲ့လူငယ်တွေကိုတော့ ရသလိုနဲ့ ရုန်းထွက်ဖို့ပေါ့နော်။ ရှေ့တန်းပို့ခံရလည်း ရှေ့တန်းမှာ ရှိတဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့ ရတဲ့နည်းနဲ့ ဆက်သွယ်ပြီးတော့ ရုန်းထွက်ဖို့ပေါ့နော်။” လို့ စောအယ်ထီးကော်က ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထူးသဖြင့် အတင်းအဓမ္မ စစ်သားစုဆောင်းခံရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း KNLA တပ်မဟာ(၄)ဆီ အလင်းဝင်ရောက်တာ ၁၀ဦးကျော်ရှိပါတယ်။
အောက်တိုဘာ ၁ရက်မှာ ခလရ(၂၈၀)တပ်ရင်းက တပ်သား ၂ဦးဟာ တနင်္သာရီမြို့နယ်ထဲက KNLA တပ်မဟာ(၄) တပ်ရင်း(၁၁)ဆီ လက်နက်မဲ့ အလင်းဝင်လာသလို စက်တင်ဘာ ၃၀ရက်ကလည်း ခလရ(၂၈၀)တပ်ရင်းက တပ်သား ၄ဦး KNLA တပ်မဟာ(၄) တပ်ရင်း(၁၁) ဆီကို လက်နက်မဲ့အလင်းဝင်ခဲ့ပါတယ်။ စက်တင်ဘာ ၁၇ရက်ကလည်း ပုလောမြို့နယ်က စစ်ကောင်စီတပ်သား ၇ဦး KNLA တပ်မဟာ(၄) လက်အောက်ခံ KNDO တပ်ရင်း(၇) တပ်ခွဲ(၅)ဆီကို လက်နက်မပါဘဲ အလင်းဝင်ခဲ့ပါတယ်။
အလင်းဝင်လာတဲ့သူတွေအနေနဲ့ စစ်ကောင်စီတပ်ဆီက လက်နက်ပါလာအောင် ယူလာနိုင်ရင် ပိုကောင်းတယ်လို့ စောအယ်ထီးကော်က တိုက်တွန်းပါတယ်။
“ လက်နက်ပါရင် စကစကို ပြန်လည်ပြီး ခုခံတဲ့အခါ အင်အားတရပ် ဖြစ်တာပေါ့နော်” လို့ စောအယ်ထီးကော်က ပြောပါတယ်။
စစ်ကောင်စီဟာ လိုအပ်နေတဲ့ အင်အားအတွက် လူငယ်တွေကို စစ်သားစုဆောင်းမှုတွေ ဆက်တိုက်ပြုလုပ်နေလို့ လူငယ်တွေအသွားအလာ သတိထားဖို့ အရေးကြီးတယ်လိုလည်း သူက တိုက်တွန်းပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝန်း ပြည်သူလူထုတွေကို ပုံစံမျိုးစုံနဲ့ စစ်သားစုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်တွေမှာ အသုံးချနေတာပါ။ ဒီလို အသုံးပြုတာဟာ လူသားဒိုင်းသဖွယ် အသုံးပြုနေတာဖြစ်ပြီး ဖမ်းမိသုံ့ပမ်းတွေဟာ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲထားတာတွေ တွေ့နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အောက်တိုဘာ ၁ရက်နေ့ သတင်း စကား ပြောကြားမှု အစီအစဉ်မှာ ထည့်သွင်းပြောကြားခဲ့ပြီး အဓမ္မစစ်သားစုဆောင်းခံရတဲ့သူတွေအနေနဲ့ အသက်အသေမခံဘဲ တော်လှန်ရေးဘက် ပူးပေါင်းဖို့ ထပ်မံ တိုက်တွန်းထားပါတယ်။


















































