အောက်တိုဘာ-၇၊ ၂၀၂၅။ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်တွေ ထိခိုက်သေဆုံးမှုရှိပြီး ရိက္ခာဂိုဒေါင် ၂ လုံးပါ ပျက်စီးတယ်လို့ Chindwin Rocket Brother(CRB)အဖွဲ့က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်ကအနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)အတွင်းကို ရော့ကတ် ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်တိုင်းရုံးရှိ အရာရှိ၅ဦးနဲ့ ရိက္ခာဂိုထောင်စောင့် စစ်သည်၂ဦး သေဆုံးခဲ့ကြောင်း၊ ဒါ့အပြင် တပ်တွင်းမိသားစု၅ စုမှ မိသားစုဝင် ၅ ဦးသေဆုံးခဲ့ကြောင်း Chindwin Rocket Brother(CRB)အဖွဲ့က အသိပေးပါတယ်။
ကျန်မိသားစုဝင်တွေကိုတော့ တဆ(ခွဲ)၊ ၄/၃၀၀ တပ်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့တယ်လို့ CRB က ဆိုပါတယ်။ ဒါ့အပြင် နမခစစ်တိုင်းရုံးအတွင်းရှိ ရိက္ခာဂိုထောင် ၂လုံး ပြိုကျပျက်စီးခဲ့တယ်လို့ CRBက ထပ်မံ အသိပေးပါတယ်။

Public Service Announcement

“ ထိခိုက်သေဆုံးမှုကိုတော့ အတွင်းဖရဲသီးကပဲသတင်းပေးတာပါ” လို့ CRB အဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
ထိခိုက်သေဆုံးမှုတွေကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
အဲဒီညက တိုက်ခိုက်ခံရပြီးနောက် နမခထဲကနေ လက်နက်ကြီး ၂ လုံးထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး ဒရုန်းနဲ့ပါ ကင်းထောက်ခဲ့တယ်လို့ မုံရွာရပ်ကွက်ကင်းထောက်များက အသိပေးထားပါတယ်။
အဲဒီတိုက်ခိုက်မှုကို ချင်းတွင်းရောကတ်ညီနောင်(Chindwin Rocket Brother-CRB)ဦးဆောင်ပြီး မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ချိုမိုင်မိုင်(ကနီ)၊ Chindwin Brother၊ Budalin Defense Force၊ Bandula Defense Force၊ Federal Democratic Force၊ Burmer Army၊ မုံရွာခရိုင်တပ်ရင်း(14)ဗိုလ်လက်ကောက်၊ ယင်းမာပင်ခရိုင် အမှတ်(၉)တပ်ရင်းတို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ကလည်း ဒေသခံပြည်သူတွေကို လက်နက်ကြီးနဲ့တိုက်ခိုက်တာ၊ စက်တပ်လေထီးနဲ့ ဗုံးကြဲတာတွေ ပြုလုပ်နေပြီး မနေ့ည သီတင်းကျွတ်လပြည့်ညမှာ မုံရွာနဲ့ချောင်းဦးအစပ်မှာ ဆီမီးထွန်းနေတဲ့ပြည်သူတွေကို စက်တပ်လေထီးနဲ့ ဗုံးလာကြဲလို့ ပြည်သူ ၂၀ ကျော် သေဆုံးပြီး ၅၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။
















































