■ကယ်ဆယ်ရေးလုပ်နေချိန်ဗုံးကြဲတာ၊ဒဏ်ရာရသူများဆေးကုသမရအောင်ဆေးဝါးသယ်ယူခွင့်လမ်းကြောင်းတွေပိတ်တာကိုပါဆက်လုပ်ခဲ့
■လူထုလှုပ်ရှားမှုဟာအရေးပါလို့ သတိနဲ့ဆက်လုပ်မယ်လို့ ဒေါက်တာတေဇာဆန်းပြော
အောက်တိုဘာ-၁၇၊၂၀၂၅။ထားမြတ်/People’s Spring
ပြည်သူအစုလိုက်အပြုံလိုက်သေဆုံးထိခိုက်ခဲ့တဲ့ ချောင်းဦးမြို့နယ်၊ဘုံတိုရွာမှာသီတင်း ကျွတ်လပြည်ညက ဆီးမီးထွန်းသပိတ်ပြုလုပ်စဥ် စစ်တပ်ကတော်လှန်ရေးအင်အားစုတွေရဲ့လေကြောင်းအန္တရာယ်သတိပေးတဲ့သတင်းရယူမှု ရှုပ်ထွေးအောင် နဲ့ ဖုန်းလိုင်းဖြတ်တောက်တာတွေလုပ်ပြီးမှ ဗုံးကြဲခဲ့တာလို့ သပိတ်အဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်လေကြောင်း တိုက်ခိုက်ခံမှု နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ပြောပါတယ်။

Public Service Announcement
သီတင်းကျွတ်လပြည့်နေည (အောက်တိုဘာ ၆ ရက်)မှာ စစ်ကိုင်းတိုင်း ၊ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာ ဆီမီးထွန်းညှိကာ ယဥ်ကျေးမှု ထုံးထမ်းအစဥ်အလာများနဲ့ ပြည်သူ့ဆန္ဒကို ထုတ်ဖော်တဲ့ ဆီမီးသပိတ်ပြုလုပ်နေစဉ်စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ် ငါးဦးအပါအဝင် ၂၃ဦး သေဆုံးကာ ကလေးငယ် ၁၈ဦး အပါအဝင် ၆၁ဦး ဒဏ်ရာရခဲ့ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမျက်မြင်ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေကအောက်တိုဘာ ၁၇ရက်မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲကို မုံရွာ အမြင့်လမ်းသပိတ် ဦးဆောင်ကော်မတီ၊ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်ကော်မတီ၊မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီ၊စစ်ကိုင်းတိုင်း သပိတ်အင်အားစု၊အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်းစု တာဝန်ရှိသူတွေကရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ချောင်းဦးမြို့နယ်လူငယ်အင်အားစုသပိတ်ကော်မတီက ကော်မတီဝင်ကိုဇွဲက စစ်တပ်ဟာသူတို့ကို ဆန့်ကျင်သူ မှန်သမျှကို ဖြိုခွင်နေတာကြောင့် လေကြောင်းရန်ကာကွယ်နိုင်ရေးသီးခြား ခွဲဝေ တာဝန်ယူဆောင်ရွက်ခဲ့တာတွေရှိတယ်လို့ ရှင်းပြပါတယ်။
“ဒီလိုတွေ စီစဥ်ဆောင်ရွက်ခဲ့ပေမယ့်အခင်းဖြစ်ပွားတဲ့ နေ့မှာ ကျွန်တော်တို့တွေ သပိတ်စစ်ကြောင်း ချီတက်တယ်။အထိုင်သပိတ်လုပ်ဖို့ဘုံတိုကျေးရွာရဲ့စာသင်ကျောင်းဝင်းထဲကိုစုဝေးခဲ့ကြတယ်။အဲဒီတော့ စတင်ချီတက်လာချိန်မှာအသံချဲ့စက်တွေနဲ့ ကြွေးကြော်သံတွေကိုလုပ်ခဲ့တယ်။ပြီးတဲ့အခါ လူထုကို သတင်းစကားပြောဖို့ အထိုင်သပိတ်လုပ်တဲ့အခါအသံချဲ့စက်ဘောက်တွေကိုပိတ်ခဲ့ကြပါတယ်။လုံးဝမဖွင့်တော့ဘူး။အထိုင်သပိတ်လုပ်တဲ့အခါ မုံရွာနမခကနေ ပါရာမော်တာပျံဝဲနေပြိလို့ သတင်းရတယ်။သတင်းရတော့ ကျွန်တော်တို့ရဲ့ အစီအစဥ်တွေအားလုံးကို ပြောင်းလဲခဲ့ကြရပါတယ်” လို့ ကိုဇွဲကပြောပါတယ်။
သတင်းစကားပြောဖို့ သုံးယောက်စီစဥ်တဲ့အခါ တစ်ယောက်ပဲ ပြောဖို့ ပြောင်းလဲခဲ့ပြီး ဆင်အက တွေ နဲ့ ဖျော်ဖြေဖို့ကိုလည်း လုံးဝဖျက်သိမ်းခဲ့သလို မီးပုံးပျံကိုတော့အခြေအနေစောင့်ကြည့်ပြီးမှလွှတ်ဖို့ စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို စီစဉ်ပြီးလူထုကိုသတင်းစကားပေးမှု ၂မိနစ်ကျော်ကျော်နဲ့ အဆုံးသတ်ခဲ့သလို ပါရာမော်တာ လာတဲ့ သတင်းကြောင့် ထပြန်တဲ့ ပြည်သူတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။
“ထပြန်ပြီးတဲ့အချိန် ဝရုန်းသုံးကားဖြစ်နေတဲ့လူထုကိုကျွန်တော်ထိန်းလိုက်တယ်။ပါရာမော်တာ နီးကပ်လာရင် လူစုခွဲမယ် ဆိုတဲ့အကြောင်းလက်ရှိအခြေအနေက အရမ်းစိုးရိမ်ဖို့မလိုသေးကြောင်း ကျွန်တော်တို့ ရထားတဲ့သတင်းအချက်အလက်နဲ့ပေါ့။ကျွန်တော် အဲဒီလိုမျိုး ပြောနေတဲ့အချိန်မှာပဲ ပါရာမော်တာဒရုန်းဗုံးသီးကဝုန်းကနဲကြဲချခဲ့တယ်။အဲဒီအချိန် စကစရဲ့ ပါရာမော်တာ သတင်းလမ်း ကြောင်းရရှိမှုကထွေပြားခဲ့တယ်။အဲဒါကျွန်တော် တို့ရဲ့အားနည်းချက်က ပါရာမော်တာသတင်းလမ်းကြောင်းတိကျစွာ မလိုက်နိုင်ခဲ့တာ။ အဲဒီအတွက် ပြည်သူလူထုကိုအနူးအညွှတ်တောင်းပန်ပါတယ်။စကစရဲ့ လေကြောင်းရန် အတွက် တာဝန်ပေးထားတဲ့ ရဲဘော်တွေကိုယ်တိုင်သတင်းရရှိမှု အမျိုးမျိုးဖြစ်ပြီး ဝေဝါးသွားခဲ့တာဖြစ်တယ်။အဲဒီလို ဝေဝါးတာကြောင့် လူထုနဲ့အတူသူတို့ကိုယ်တိုင်ကျဆုံးခဲ့တာရှိတယ်” လို့လည်း ကိုဇွဲကရှင်းလင်းပြောကြားပါတယ်။
စစ်ကောင်စီကရည်ရွယ်ချက်ရှိရှိသူတို့လမ်းကြောင်းဝေဝါးသွားအောင်လုပ်ခဲ့တာကိုလည်းရှင်းပြတယ်။ဖြစ်စဥ်မတိုင်ခင်ကမုံရွာနမခကပါရာမော်တာသုံးစီးပျံတက်ခဲ့ပြီးတော့ အရပ်မျက်နှာမျိုးစုံ ပတ်ဝဲပျံသန်းခဲ့တယ်လို့ဆိုပါတယ်။
“ဆီမီးသပိတ်မှာကြဲချခဲ့တဲ့ပါရာမော်တာအသံက လုံးဝမကြားခဲ့ရဘူး။စက်သက်ပြီးတော့လေဟုန်စီး လာတယ်လို့ယူဆတယ်။ဖုန်းလိုင်းတွေအဆင်မပြေခဲ့တာမျိုးတွေ။အကွက်စေ့စေ့လုပ်ဆောင်ခဲ့တာ မျိုးပေါ့။ နောက်တစ်ခုက ပါရာမော်တာရဲ့ ပုံမှန်ထက် မြန်မြန်ပျံသန်းတာရောက်ရှိလာတာ တွေ့ရတယ်။ဗုံးကြဲမှုမတိုင်မီမှာစုဝေးရာနေရာမှာ အသံ
ချဲ့စက်တစ်ခုမှဖွင့်မထားပါရဲ့နဲ့ ပါရာမော်တာအသံကို လုံးဝ မကြားခဲ့ရဘူး။လူအုပ်ကိုချက်ချင်းခွဲ ရမလား။စနစ်တကျ ခွဲရမလားဝေခွဲနေချိန်မှာ ဗုံးသီးတွေ ကြဲချခံရတာပါ” လို့ ကိုဇွဲက ပြောပြပါတယ်။
မီးအလင်းရောင်မြင်လို့ ကြဲတာလို့ ပြောဆိုမှုတွေရှိပေမယ့် စစ်ကောင်စီက အရပ်သားပြည်သူတွေကို တိုက်ခိုက်ချင်တာကြောင့် ရည်ရွယ် ချက်ရှိရှိ ဗုံးကြဲသတ်ဖြတ်ခဲ့တာလို့ ကိုဇွဲက ရှင်းပြပါတယ်။
စစ်ကောင်စီကို တော်လှန်ဆန့်ကျင်တဲ့သူတွေကိုမဆန့်ကျင်ရဲအောင် မတော်လှန်ရဲအောင် ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သူကသုံးသပ်ပြောကြားပါတယ်။
စစ်ကောင်စီ ဗုံးကြဲလို့ဒဏ်ရာရသူတွေကိုကူညီကယ်ဆယ်ရေးလုပ်ဆောင်နေချိန်မှာလည်း ပါရာမော်တာနဲ့ ဗုံးထပ်ကြဲခဲ့လို့ အခြားနေရာတွေကိုလည်း ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ်တာတွေ စစ်တပ်က လုပ်ခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူတွေက ရှင်းပြပါတယ်။
“နောက်တော့မှ စစ်ကော်မရှင်ရဲ့ဝါဒဖြန့်ချီရေး ချန်နယ်တွေကို ကြည့်တဲ့အခါ သူတို့ကိုယ်တိုင် ဝန်ခံထားတာတွေ့ရတယ်။ဘုံတို ဖြစ်စဥ်မှာ ဗုံးကြဲ ပြီး မသေသေးတဲ့သူတွေကိုပစ်လိုက်နိုင်တယ်ဆိုပြီးတော့ပေါ့။ရမ်းသမ်းပစ်တဲ့ နေရာတွေက ဆေးကုသတဲ့နေရာတွေဆိုပြီးတော့။အားရဝမ်းသာနဲ့ ဂုဏ်ယူနေတာ တွေ့ရတယ်။ဖြစ်စဥ်အပြီးနောက်ရက်တွေမှာ စစ်ကော်မရှင်ဘက်ကနေ ဆေးဝါးသယ်ယူခွင့်လမ်းကြောင်းတွေကို လုံးဝ ပိတ်ချလိုက်တယ်။ဒီဘက်မှာ သူတို့တိုက်ခိုက်မှုကြောင့်ပြည်သူအများအပြားထိခိုက်တာ သိသိချင်းပဲ။ဆေးဝါးသယ်ယူခွင့်လမ်းကြောင်းတွေ ပိတ်တာ။ဆေးကုသမှုမရအောင် ရည်ရွယ်ချက်ရှိရှိ ဖြစ်စဥ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်”လို့ သတင်းစာ ရှင်းလင်းပွဲတာဝန်ရှိသူက ပြောပြပါတယ်။
စစ်ကိုင်းတိုင်းသပိတ်အင်အားစုတာဝန်ရှိသူကိုခန့်ဝေဖြိုးကလည်း “ဒီဖြစ်စဥ်ကိုသေသေချာချာပြန်သုံးသပ်ရရင် အကြမ်းဖက်စစ်တပ် ကနေ ရည်ရွယ်ချက်ရှိရှိ အစီအစဥ်တကျနဲ့ လုပ်ဆောင်တယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။ဘာလို့ တိုက်ခိုက်လည်းလို့ ပြန်သုံးသပ်ရရင်ကျွန်တော်တို့ ပြည်သူလူထုအတွက်နိုင်ငံသားအခွင့်အရေးအရလွတ်လပ်စွာစုဝေးခွင့် လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် ၊ဒီအခွင့်အရေးတွေအရ စုဝေးတဲ့ အရပ်သားပြည်သူတွေ မြန်မာ့ရိုးရာဓလေ့ထုံးထမ်းနဲ့အညီ စုဝေးပွဲကို တိုက်ခိုက်တာက လွတ်လပ်စွာစုဝေးခွင့် ဒီမိုကရေစီကိုတိုက်ရိုက်တိုက်ခိုက်တဲ့လုပ်ရပ်ဖြစ်ပါတယ်။
ဒါကြောင့် မင်းအောင်လှိုင်ဦးဆောင်တဲ့ တာဝန်ရှိသူအဆင့်ဆင့်က ဘုံတိုရွာဖြစ်စဥ်နဲ့ပတ်သက်ပြီးမလွှဲမသွေ တာဝန်ယူရမယ်၊တာဝန်ခံရမယ်” လို့ ပြောပါတယ်။
နိုင်ငံသားတွေကိုထင်တိုင်းကြဲသတ်ဖြတ်နေတာကို နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းထန်စွာ ဖိအားပေးပြီး ကိုင်တွယ်ဖို့ အရေးတကြီးလို အပ်နေတယ်လို့လည်း ပြောပါတယ်။
သပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းကလည်းဒေါက်တာတေဇာဆန်း စစ်အာဏာရှင်စနစ်ဆန္ဒ ပြတဲ့ အကြမ်းမဖက် လူထုလှုပ်ရှားမှု၊စုဝေးမှုတစ်ခုကို ရက်ရက်စက်စက် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေဟာ တော်လှန်ရေး အောင်မြင်နိုင်ရေးအတွက် များစွာ အရေးကြီးတဲ့ကဏ္ဍမှာရှိနေတယ်လို့လည်းဒေါက်တာတေဇာဆန်းက ပြောပါတယ်။
“နွေဦးတော်လှန်ရေးမှာကျွန်တော်တို ယုံကြည်တဲ့ ကျွန်တော်တိုစွဲကိုင်တဲ့ တော်လှန်ရေးမဟာဗျူဟာက လက်နက်ကိုင်တိုက်ပွဲနဲ့အတူ လူထုတိုက်ပွဲကို ဟန်ချက်ညီညီ ဗျူဟာကျကျ ဖော်ဆောင်နေကြတယ်လို ခံယူပါတယ်။လက်နက်ကိုင် တိုက်ပွဲကို မစွန့်ပါဘူး။မငြင်းဆန်ပါဘူး။ထောက်ခံပါတယ်။သိုသော်လူထုလှုပ်ရှားမှုတိုက်ပွဲတွေကလည်း အင်မတန်မှ အရေးပါတယ်လို ကျွန်တော်တိုက ခံယူပါတယ်” လို့ ဒေါက်တာတေဇာဆန်းက ပြောပါတယ်။
နွေဦးတော်လှန်ရေးငါးနှစ်တာအတွင်းအခုထိခရီးရောက်နေတာဟာလက်နက်ကိုင်တိုက်ပွဲတခုတည်းကြောင့်မဟုတ်ဘဲ နိုင်ငံတကာသံခင်းတမန်ခင်း၊ စိတ်ဓာတ်စစ်ဆင်ရေးနဲ့အကြမ်းမဖက် CDM လှုပ်ရှားမှုတွေ၊ သပိတ်တွေ၊ဘဏ္ဍာရေး စစ်မျက်နှာ စတဲ့ ကဏ္ဍစုံ ဟန်ချက်ညီ ပါဝင်မှုကြောင့် ဖြစ်တယ်လို့ ရှင်းပြပါတယ်။
“ဒီငါးနှစ်အတွင်းဒီလောက်ထိခရီးပေါက်ခဲ့တယ်လို ကျွန်တော်တိုအနေနဲ့ ခံယူသလိုကျွန်တော်နားလည်သလောက်ဆုံခဲ့ဖူးသမျှလက်နက်ကိုင်တပ်မှူးခေါင်းဆောင်တွေကလည်း ဒီလိုပဲခံယူကြပါတယ်။အခုလို လူထုလှုပ်ရှားမှုတွေ စဥ်ဆက်မပြတ်ဆောင်ရွက်သွားမယ်။သိုသော် သတိ ဥာဏ်ပညာ အပြည့်နဲ့ ကိုယ့်ဘက်က လိုအပ်ချက်ရှိရင်ပြန်လည် သုံးသပ်ပြီး အကောင်းဆုံးဖြစ်အောင်ဆက်လက်ဖော်ဆောင်သွားရမယ်လို နားလည်ရှုမြင်တယ်ဆိုတာတင်ပြလိုပါတယ်” လို့ ဒေါက်တာတေဇာဆန်းက ပြောပါတယ်။



















































