အောက်တိုဘာ -၂၁၊ ၂၀၂၅ ။မေရီ/People’s Spring
မကွေးတိုင်း၊ စလင်းမြို့နယ်မှာ မီးဖွားဖို့အကူအညီလိုအပ်နေတဲ့ ကိုယ်ဝန်ဆောင်မိခင်တဦးကို စလင်း(ပကဖ) ဆေးတပ်သားတွေက ကလေးမီးဖွားပေးလိုက်ပါတယ်။
အောက်တိုဘာ ၁၆ ရက်က စလင်းမြို့နယ်၊ တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း ကျေးရွာတရွာမှာ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးရဲ့ ပထမဦးဆုံး သားဦးလေးကို စလင်း(ပကဖ) ဆေးတပ်သားတွေက အောင်မြင်စွာမွေးဖွားပေးခဲ့ပြီး ဆေးဝါးကုသပေးခဲ့တယ်လို့ စလင်း(ပကဖ)က ထုတ်ပြန်ပါတယ်။
“ ကျနော်တို့ဆီကို ကျေးရွာရပ်ကျေး(ပကဖ)များက မီးဖွားချင်တယ်ချိတ်ဆက်လာလို့ လမ်းခရီး ၁နာရီ နီးပါး ခြေလျင်လျှောက်ခဲ့ပြီး မိခင်နေအိမ်မှာပဲ အောင်အောင်မြင်မြင်နဲ့ သားဦးလေးကိုမွေးဖွားပေးခဲ့တယ်။ သားဦးဖြစ်တာကြောင့် မွေးဖွားတဲ့နေရာမှာ အချိန်အနည်းငယ်ကြာမြင့်တာမျိူးပဲရှိပြီး မိခင်ရော ကလေးပါ ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ခဲ့ပါတယ်” လို့ စလင်း(ပကဖ) ဒုတာဝန်ခံ ကိုအောင်ဆန်း(ပြည်သူရေးရာ)က ပြောပါတယ်။

Public Service Announcement
စလင်း(ပကဖ)ရဲ့ ဆေးတပ်သားတွေကနေ ကလေးမွေးဖွားပေးခဲ့တာ စုစုပေါင်း ၁၀ယောက်ကျော်ရှိပြီဖြစ်ကြောင်း သိရပါတယ်။
စလင်း(ပကဖ)အဖွဲ့ရဲ့ ဆေးဝါးလိုအပ်ချက်တွေအတွက်လည်း တက်နိုင်တဲ့ဘက်ကနေ ကူညီပေးဖို့ စလင်း(ပကဖ) နိူးဆော်ထားပါတယ်။



















































