နိုဝင်ဘာ – ၂၇ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းက ဆင်ခြေဖုံးရပ်ကွက်တွေမှာ စစ်မှုထမ်းအတွက် လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးတာတွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းရှိခဲ့တယ်လို့မြို့ခံတွေဆီကသိရပါတယ်။
ဆင်ခြေဖုန်းရပ်ကွက်တွေမှာ ဧည့်စာရင်းအကြောင်းပြပြီး စစ်မှုထမ်းစာရင်းပေါက်ထားတဲ့ လူငယ်ရှိရာ အိမ်ကို ဝင်စစ်ပြီး လူကိုတွေ့ရင် ခေါ်ဆောင်သွားတာပါ။
“ လူငယ်ရှိပြီး နာမည်ပေါက်ထားတဲ့အိမ်ဆို ချောင်းနေတာပေါ့”လို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှု(၂)ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement
ဆင်ခြေဖုန်းရပ်ကွက်တွေမှာ နေအိမ်ထဲ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်တာမျိုးရှိပြီး မြို့ပေါ်ရပ်ကွက်မှာတော့ လမ်းပေါ် ကားနဲ့ ပတ်ပြီး ပေါ်တာဆွဲတာမျိုးရှိနေတယ်လို့လည်း ပြည်ကြီးတံခွန်မြို့ခံတစ်ဦးကပြောပါတယ်။
“ကားပေါ်ကို တန်းတင်ပြီး ချက်ချင်းတန်းပို့တာ”လို့ ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။
မြို့ခံရဲ့ ပြောပြချက်အရပြည်ကြီးတံခွန်မြို့နယ်ဟာစစ်မှုထမ်း တပ်သား သစ် စုဆောင်းမှုအများဆုံးဖြစ်တယ်လို့သိရပါတယ်။
“လူစားထိုးအတွက် တစ်ဦးကို သိန်းတစ်ရာနီးပါးပေါက်နေတော့ တွေ့ရာအကုန်ဆွဲပြီး တန်းပို့ပေးနေတာ” ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ပေါ်တာဆွဲခံရသူ လူငယ်တစ်ဦးရဲ့ ဆွေမျိုးနီးစပ်တော်သူကပြောပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်ထဲမှာ စစ်မှုထမ်းအတွက် လူငယ်တွေကိုဖမ်းဆီးခေါ်ဆောင်တာ ၊ ပေါ်တာဆွဲတာတွေကို ပျူစောထီးခေါင်းဆောင် စံရှားနဲ့အဖွဲ့က အဓိကလုပ်ဆောင်နေတာလို့သိရပါတယ်။
သူဟာ စစ်အာဏာသိမ်းမှုကို ထောက်ခံသူ ပေါက်ကိုယ်တော်ရဲ့တပည့်လည်းဖြစ်ပါတယ်။
“ အိမ်တွေမှာ ယောကျာ်းလေးလူငယ် မရှိသလောက်ပဲ၊ အကုန်ရှောင်နေရတာ” လို့ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်မှာ နေထိုင်တဲ့ လူငယ်တစ်ဦးရဲ့ မိခင်တစ်ဦးကပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ စစ်မှုထမ်း အပတ်စဉ် တစ်ခုကိုလူငါးထောင်နှုန်းခေါ်ယူမယ်လို့ကြေညာထားပြီး ပြီးခဲ့တဲ့အောက်တိုဘာလ အထိအပတ်စဉ် (၁၈) ကို ဖွင့်လှစ်ထားပါတယ်။
စစ်မှုထမ်းသင်တန်းဆင်းတွေကို စစ်ကောင်စီတပ်က တော်လှန်ရေးအဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်နေတဲ့ ရှေ့တန်းနေရာတွေ ဆီ စေလွှတ်နေပြီး တိုက်ပွဲကျသူတွေရှိသလို လက်နက်ချ အလင်းဝင်လာသူတွေ လည်းရှိနေပါတယ်။















































