Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲ ရှမ်းပြည်သူတွေ ညီညွတ်စွာဆန့်ကျင်ကြဖို့ ရှမ်းလူငယ်အရပ်ဘက်အဖွဲ့တွေ တိုက်တွန်း

အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ရှမ်းပြည်သူလူထုတွေ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့ သျှမ်း(ရှမ်း)လူငယ်အရပ်ဘက်အဖွဲ့အစည်းတွေက ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ကသာမြို့မှာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှူကို ကသာခရိုင် ၅/ကသာ လူထုသပိတ်စစ်ကြောင်းက ဦးဆောင်ပြီး K 5 တပ်ရင်းရဲဘော်တွေ ၊ကျေးရွာပကဖ တွေနဲ့အတူ ထီးချိုင့်မြို့နယ်က သံဃာတော်တွေနဲ့ ပြည်သူတွေ ဒီဇင်ဘာ ၃ရက်က ချီတက်ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - ကသာခရိုင် ၅/ကသာ လူထုသပိတ်

ဒီဇင်ဘာ-၄၊၂၀၂၅။ ဆန်အောင်/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ရှမ်းပြည်သူလူထုတွေ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့ သျှမ်း(ရှမ်း)လူငယ်အရပ်ဘက်အဖွဲ့အစည်းတွေက ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

စစ်တပ်လုပ်မယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ထုတ်ပြန်ချက်ကို ရှမ်းလူငယ်အဖွဲ့တွေက ဒီဇင်ဘာ ၃ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကိုလည်းတက်နိုင်တဲ့နည်းနဲ့တိုက်ဖျက်မယ်လို့ အသိပေးထားပါတယ်။

“စစ်ကောင်စီက အခုသူတို့လုပ်မယ့်အတုအယောင်ရွေးကောက်ပွဲကနေတရားဝင်မှုကို ရှာနေတာဖြစ်ပါတယ်။ တကယ်လို့ ကျမတို့ ဒီပြည်သူတွေအားလုံးကနေ စစ်ကောင်စီကိုတရားဝင်မှုမပေးဖို့အားလုံးညီညွတ်ကြဖို့ ညီညီညွတ်ညွတ် ဆန့်ကျင်ကြဖို့လိုအပ်တယ်လို့ပြောချင်ပါတယ်”လို့ ကြေညာချက်ပြောရေးဆိုခွင့်ရှိတဲ့ ရှမ်းလူငယ်တက်ကြွလှုပ်ရှားသူ ဗန်ဒါကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့လည်းစစ်ကောင်စီကိုတရားဝင်မှုဖြစ်စေမယ့် ရွေးကောက်ပွဲတွေမှာ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

“သူတို့(ရှမ်းတပ်ဖွဲ့တွေ)အနေနဲ့ ဒီဟာတွေကိုတိုက်ရိုက်မဆန့်ကျင်နိုင်ဘူးဆိုရင်တောင်မှ ပါဝင်ပတ်သက်ပြီးမကူညီကြဖို့အနည်းဆုံးတော့ ဒီလောက်တော့လုပ်ပေးကြဖို့တိုက်တွန်းတောင်းဆိုချင်ပါတယ်” လို့ ဗန်ဒါက ပြောပါတယ်။

ရှမ်းတော်လှန်ရေးအဖွဲ့အစည်းတွေလို့ အမည်ခံထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့ဟာ အာဏာသိမ်းစစ်တပ်နဲ့ ထိတွေ့ဆက်ဆံနေသလို အာဏာသိမ်းစစ်တပ်ကိုထိထိရောက်ရောက်တိုက်ခိုက်တာမရှိဘဲ တိုက်ပွဲဖြစ်ပွားမှုမရှိသလောက်နည်းပါးပါတယ်။

ဒီမိုကရေစီနိုင်ငံတခုရဲ့ အခြေခံအကျဆုံး အင်္ဂါရပ်တခုမှာ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်ပြီး လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာဟာလည်း အရပ်သား ပြည်သူတွေကလက်ခံပြီး ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါဝင်တဲ့ အကြမ်းဖက်မှု ကင်းစင်တဲ့ ရေခံမြေခံမှာသာ ပြုလုပ်နိုင်တာလို့လည်း ရှမ်းလူငယ်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိ စစ်ကောင်စီဟာ ၂၀၂၁ တိုင်းပြည်ရဲ့ အာဏာကို အဓမ္မသိမ်းယူချိန်က စလို့ အခုထိ ရှမ်းပြည်နဲ့တကွ နိုင်ငံတစ်ဝှမ်းလုံးရှိ ရဟန်းရှင်လူ ပြည်သူလူထုတို့ကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လေကြောင်းဗုံးကြဲခြင်း၊ ကျေးရွာများ၊အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်း စတာတွေကို နေ့စဉ် လုပ်ဆောင်နေကြောင်း ရှမ်းလူငယ်အဖွဲ့တွေက ထောက်ပြထားပါတယ်။

ပြည်သူလူထုကို နေ့စဉ်အကြမ်းဖက်နေတဲ့ စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲ ဆိုတာဟာလည်း နိုင်ငံတကာ မျက်နှာစာမှာ စစ်တပ်ရဲ့ တရားဝင်မှုနဲ့ စစ်တပ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့သာဖြစ်ကြောင်းလည်း ရှမ်းလူငယ်အဖွဲ့တွေက ထုတ်ပြန်ပါတယ်။

“ကျွန်ုပ်တို့သျှမ်းပြည်သူလူထုနှင့် သျှမ်းလူငယ်များလိုလားသည်မှာ မိမိတို့ကံကြမ္မာကို မိမိတို့ ဖန်တီးခွင့်ရှိသော ဖက်ဒရယ်ဒီမိုကရေစီဖြစ်ပါသည်။ စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ မှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည် အသက်သွင်းမည်ဖြစ်ရာ ဖက်ဒရယ်ဒီမိုကရေစီနှင့် ပိုမို ဝေးကွာသွားစေမည်သာဖြစ်ပါသည်” လို့လည်း ကြေညာချက်မှာရေးသားထားပါတယ်။

ဒါ့အပြင် သျှမ်းပြည်အတွင်းမှ ရွေးကောက်ပွဲမှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေ ရွေးကောက်ပွဲမှာ မပါဝင်တာ ပြည်သူလူထု အသိပင်ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။ ရှမ်းလူထုထောက်ခံမှုရှိပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ရှမ်းပြည်တွင်း နေရာများစွာ အနိုင်ရခဲ့တဲ့ SNLDပါတီဟာ စစ်တပ်ရွေးကောက်ပွဲမှာ ပါဝင်ခြင်းမရှိသလို စစ်တပ်ဆီမှာပါတီမှတ်ပုံတင်တာကိုပါ ပြုလုပ် ခြင်းမရှိခဲ့ပါဘူး။

ဆက်စပ်သတင်းများ

သတင်း

အာဆီယံထိပ်သီးညီလာခံကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်ရဖို့ မသေချာ

အတွေးအမြင်

သုံးကြိမ်တိုင်တိုင် အသုတ်ခွဲပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပြီးဆုံးသွားခဲ့ပါပြီ။ မကြာခင်ရက်ပိုင်းအတွင်းမှာ စစ်တပ်ကလွှတ်တော်အသီးသီးကို ကျင်းပတော့မှာဖြစ်ပြီး၊ ဆက်တိုက်ဆိုသလိုပဲစစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီတို့ပူးပေါင်းကာစစ်တပ်ကပဲအ​ပေါ်ယံ​ပြောင်းထားတဲ့ ဟန်ပြအစိုးရသစ်တစ်ရပ် ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်းစစ်ကောင်စီ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ တော်လှန်ရေးအင်အားစုတွေ ကြိုးပမ်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို စနစ်တကျပိတ်ဆို့ တားဆီးဖို့ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့ပြီး တော်လှန်ရေးအင်အားစုတွေ ပိုမိုညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ကြိုးပမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းအန္တရာယ်ကာကွယ်ရေး ဟောပြောခြင်းနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၃) မှာ ပြုလုပ်ခဲ့ပါတယ်။