ဖေဖော်ဝါရီ-၉၊ ၂၀၂၆။ ဒလပန်း/People’s Spring
ပဲခူးတိုင်း၊ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းတိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော် ငါးဦး ကျဆုံးခဲ့ပါတယ်။
“စစ်တောင်းမြစ်အနောက်ဘက်ခြမ်း ကျောက်တံခါးမြို့နယ်နဲ့ ဖြူးမြို့နယ် အတွင်းက တိုက်ပွဲတွေမှာ ကျဆုံးခဲ့တာပါ”လို့ ဗျူဟာ ၂၅ ၊ ပဲခူးခရိုင်တပ်ရင်း ၂ ၊ ၃၇၀၂ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်မှာ ရဲဘော်အောင်ကြီး ကျဆုံးခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၂၅ ရက်မှာတော့ ရဲဘော်ပိုလာ၊ ရဲဘော်ဗိုလ်မောင်၊ ရဲဘော်ကျောင်းဆရာ၊ ရဲဘော်ဥသြ ကျဆုံးခဲ့တာလို့ သိရပါတယ်။

Public Service Announcement
ကျဆုံးရဲဘော်တွေဟာ တိုက်ပွဲအတွင်းလေကြောင်းနဲ့ ဒရုန်းထိမှန်ကျဆုံးခဲ့တာလည်းဖြစ်ပါတယ်။
“လေကြောင်းနဲ့ တပ်ပြန်ဆုတ်တဲ့အချိန် ဒရုန်းထိတာတွေကြောင့်ပါ”လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ရဲဘော်တွေကျဆုံးမှုအပေါ် တပ်ရင်းအနေနဲ့ နှမြောတသ၊ ဝမ်းနည်းကြေကွဲခြင်းများစွာ ဖြစ်မိပြီး မြင့်မြတ်သော ပေးဆပ်မှုအပေါ် အလေးအနက် ဂုဏ်ယူဦးညွှတ်အပ်တယ်လို့ ၃၇၀၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်းအတွင်းမှာ အခုနှစ် ဇန်နဝါရီလ လဆန်းပိုင်းကစလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေး အဖြစ် ဖော်ဆောင်နေပါတယ်။
စစ်ဆင်ဖော်ဆောင်တဲ့နေ့မှာပဲ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို စိုးမိုးထိန်းချုပ်နိုင်ခဲ့သလို ရန်ကုန်-မန္တလေး လမ်းဟောင်း ကျောက်တံခါးမြို့နယ်နဲ့ အုတ်တွင်းမြို့နယ်အတွင်းက စစ်တပ်စခန်း(၁၄)ခုကို တိုက်ခိုက်နိုင်ခဲ့ပါတယ်။
အဲ့ဒီနောက် ဇန်နဝါရီ ၁၂ ရက်မှာ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ရန်ကုန် – မန္တလေးလမ်းဟောင်းအနီး ကြိမ်ခါးကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်တဲ့ စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ကစဉ့်ကလျား စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွားခဲ့ရပါတယ်။
လက်ရှိအချိန်ထိ အဲ့ဒီစစ်ကြောင်းဟာ ကြိမ်ခါးကုန်းအနီးကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေတာပါ။
ကြိမ်ခါးကုန်းအနီး ကျေးရွာအနီးတိုက်ပွဲအပါအဝင် စစ်တောင်းမြစ်အနောက်ဘက်ခြမ်းတိုက်ပွဲတွေအတွင်း စစ်တပ်က လေကြောင်း၊ဒရုန်း နဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၈ ရက် မနေ့ကလည်း စစ်တပ်ဟာ ကျောက်တံခါးမြို့နယ် ဇရပ်ခင်ရွာသစ် ကျေးရွာဘက်ကို ပါရာမော်တာစက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိအချိန်မှာ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်း စစ်ဌာနအတွင်း စစ်ရေးအခြေအနေတွေ ဆက်လက်ဆောင်ရွက်နေတာကြောင့် တိုက်ပွဲအနီးဝန်းကျင်က ပြည်သူတွေ၊ ခရီးသွားပြည်သူတွေ၊ လမ်းပိုင်းအသုံးပြုသွားလာနေတဲ့ ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံရေး သတိပြု သွားလာကြဖို့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထုတ်ပြန်ထားပါတယ်။




















































