ဖေဖော်ဝါရီ-၉၊၂၀၂၆။အိမ်သွင်/People’s Spring
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ထဲမှာရှိတဲ့ မြိုင်ကြီးငူဒေသက ဆေးရုံကို ဒီနေ့မနက်အစောပိုင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီးအဆောက်အအုံ နဲ့ မော်တော်ယာဉ်အချို့ပျက်စီးခဲ့ပါတယ်။
မြိုင်ကြီးငူဒေသ၊ဇီဇဝါမြိုင်ရပ်ကွက်ထဲကတိုက်နယ်ဆေးရုံကို ဖေဖော်ဝါရီ ၉ ရက်မနက် ၆ နာရီ၄၅ မိနစ်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
“ဆေးရုံအဆောက်အအုံနဲ့ကားတွေရောဆိုင်ကယ်တွေရောတချို့ ပျက်စီးတယ်။ လူအထိခိုက်မရှိခဲ့ပါဘူး။ ကံကောင်းလို့ မထိတာပါ”လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။

Public Service Announcement
မြိုင်ကြီးငူဒေသမှာတိုက်ပွဲတွေမရှိပေမယ့်ဆက်စပ်ဒေသတွေဖြစ်တဲ့ကော့ကရိတ်၊ဖာပွန်၊ကမမောင်းမြို့နယ်တွေမှာ စစ်ကောင်စီ နဲ့ KNU ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားနေပါတယ်။
မြိုင်ကြီးငူဒေသဟာစစ်တပ်နဲ့အပစ်ရပ်လက်မှတ်ထားထားပြီး စစ်တပ်ဆွေးနွေးပွဲတွေပုံမှန်တက်နေတဲ့ DKBA တပ်တွေ အများဆုံး တပ်စွဲလှုပ်ရှားတဲ့ဒေသဖြစ်ပါတယ်။ဆေးရုံပေါ်ကိုလက်နက်ကြီးပစ်ခတ်မှုဟာ ဘယ်ဖက်က ပစ်တယ်ဆိုတာမသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
မြိုင်ကြီးငူဆေးရုံပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့တစ်ချိန်တည်းထဲမှာကော့ကရိတ် မြို့နယ်ထဲက နေအိမ်တွေပေါ်ကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကော့ကရိတ်မြို့နယ်ထဲကရွာသစ်၊မြို့ဟောင်း၊သာယာကုန်းရွာပတ်ဝန်းကျင်တွေကိုမကြာခဏ စစ်ကောင်စီကဗုံးကြဲနေတာလို့ မြို့ခံတွေကပြောပါတယ်။ အဲဒီရွာတွေကဒေသခံတွေဟာ တိုက်ပွဲကြောင့်ထွက်ပြေး တိမ်း ရှောင်နေကြရပါတယ်။


















































