Connect with us

Hi, what are you looking for?

သတင်း

ချင်းမြောက်ပိုင်းကို စစ်ကောင်စီတပ် ထပ်မံ အင်အားဖြည့်

ချင်းပြည်နယ်မြောက်ပိုင်းကို အာဏာသိမ်းစစ်တပ်က အင်အားထပ်မံ ဖြည့်တင်းလာကြောင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

ဖေဖော်ဝါရီ-၁၁၊ ၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်မြောက်ပိုင်းကို အာဏာသိမ်းစစ်တပ်က အင်အားထပ်မံ ဖြည့်တင်းလာကြောင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ကနေ စစ်ယာဉ်တန်းတွေနဲ့ လာတဲ့ စစ်ကောင်စီတပ်ဟာ တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာရောက်နေတဲ့ အခြေအနေကို ဆလိုင်းတင်မီက အတည်ပြုပေးတာပါ။

” ကလေးကနေ နောက်ထပ်အင်အား ကား ၅စီးလောက်နဲ့ တက်လာတယ်လို့ပဲ ကြားတယ်။ သိုင်းငင်းရောက်ပြီလို့ ကြားပါတယ်။ အဲဒီအပြင် တခြားဘာမှ မသိရသေးပါဘူး”လို့ ဆလိုင်းတင်မီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၂၀ ရက်ကလည်း ကလေးမြို့ကနေ ချင်းမြောက်ပိုင်းကို စစ်အင်အား ၂၀၀ ကျော် ဖြည့်တင်းခဲ့ပါသေးတယ်။

အဲဒီတုန်းကလည်း စစ်ကောင်စီတပ်ဟာ သိုင်းငင်းဒေသကနေ ဖလမ်းမြို့နယ်ကို စစ်အင်အား ဖြည့်တင်းခဲ့တာဖြစ်ပြီးချင်းတော်လှန်ရေး ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုမှာ အထိနာပြီးရှေ့ဆက်မတိုးနိုင်ဖြစ်နေတာပါ။

” သူတို့ ထင်းရှုးစခန်းလို့ ပြောတဲ့ နားလောက်မှာ ရောက်ပါတယ်။ အဲဒီနားလောက်မှာ နေ့တိုင်းမီးရှိုတဲ့ဟာတွေရှိတယ်ပေါ့နော်။ အဲဒီနားတ၀ိုက်ရှိတယ်လို့ပဲ ကြားတယ်။ ဟိုတခေါက်တုန်းက သူတို့ ဘက်က နည်းနည်းအထိနာထားတာရှိတယ်။ အယောက်သုံးဆယ်လောက်ပေါ့။ အဲဒီအပြင်တော့ တိုးလာတာမရှိသေးဘူး”လို့ ဆလိုင်းတင်မီက ဇန်နဝါရီ တတိယပိတ်မှာ ချင်းမြောက်ပိုင်းကို စစ်အင်အားဖြည့်လာတဲ့ ပထမစစ်ကြောင်းကို ဖလမ်းမြို့နယ်အတွင်း တိုက်ခိုက်ခဲ့မှု အခြေအနေကို ပြောပါတယ်။

စစ်ကောင်စီဟာ ဖလမ်းမြို့နယ် နဲ့ တီးတိန်မြို့နယ်တွေက သူတို့ လက်လွှတ်ဆုံးရှုံးထားတဲ့ နယ်မြေဒေသတွေ ပြန်ရဖို့ ၂၀၂၅နှစ်ကုန်ပိုင်းကတည်းက ကြိုးပမ်းနေတာကို ချင်းညီနောင်၊ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်နေလို့ တိုက်ပွဲတွေ လေးလကြာ ဖြစ်ပွားခဲ့တာပါ။

ချင်းမြောက်ပိုင်း ထိုးစစ်ကို စစ်ကောင်စီက အင်အား ထောင်ဂဏန်း ဝန်းကျင် အသုံးပြု ထိုးစစ်ဆင်နေတာဖြစ်ပြီး ချင်းတော်လှန်ရေးတပ်တွေရဲ့ ခုခံမှုအောက်မှာ ထိခိုက်သေဆုံးများပြားနေသလို စစ်ကောင်စီစစ်ကြောင်းက ထွက်ပြေးသူတွေ၊ ချင်းပူးပေါင်းတပ်တွေဆီ လက်နက်ချအလင်းဝင်လာတဲ့သူတွေလည်း ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မေလ ၁၅ရက်မှာ ပြုလုပ်ခဲ့ရာ စစ်ဆင်ရေးမှာ လိုအပ်မယ့် လက်နက်ကြီးများ၊ ဒရုန်းများ၊ စနိုက်ပါလက်နက်များနဲ့ လက်နက်ခဲယမ်းများကိုလည်း တစ်ပါတည်း ဖြည့်တင်းပေးအပ်ခဲ့တယ်လို့ CNO/CNDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ အောင်ပွဲကို ထိန်းသိမ်းရုံသာမက ဖလမ်းမြို့ကို ရန်သူလက်ထံပြန်မရောက်ရေး မဟာမိတ်များနဲ့အတူ လက်တွဲကာ ကြံ့ကြံ့ခံ တွန်းလှန်နေရသော အဆုံးအဖြတ် ကာလ ဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က အသိပေး ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ဟားခါးမြို့အနီးတောတောင်ဒေသတွေကိုဒီက​နေ့ကစပြီး သွားလာလှုပ်ရှားခြင်းမပြုလုပ်ဖို့ အများပြည်သူကို အသိပေးကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်ပါတယ်။