ဖေဖော်ဝါရီ−၂၃၊ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းမှာ ဖွင့်ထားတဲ့ အခွန်ဂိတ် ၇၅ ဂိတ်ကို ပိတ်သိမ်းလိုက်ပြီး စစ်ဆေးဖို့လိုအပ်ရင် ခွင့်ပြုချက်ရမှလုပ်ဆောင်ဖို့ အမှတ်(၁)စစ်ဒေသ၊ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့က ညွှန်ကြားပါတယ်။
အမှတ်(၁) စစ်ဒေသ၊ ရွှေဘိုခရိုင် နယ်မြေအတွင်းမှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွင့်လှစ်ထားတဲ့ ပြည်ထောင်စုအခွန်ဂိတ်၊ လမ်းပြုပြင်ရေး စည်ပင်ဂိတ်တွေ အပါအဝင် ကာကွယ်ရေးအဖွဲ့တွေက အကြောင်းပြချက်အမျိုးမျိုးနဲ့ ဖွင့်လှစ်ထားတဲ့ဂိတ်ပေါင်း ၇၅ ဂိတ်ရှိခဲ့ကြောင်း၊ အဲဒီဂိတ်တွေအားလုံးကို ဖေဖော်ဝါရီ ၁၇ ရက်က နောက်
ဆုံးထားပိတ်သိမ်းပြီး စစ်ရေးလိုအပ်ချက်အရ စစ်ဆေးရေးပြုလုပ်ဖို့လိုအပ်ပါက ခရိုင်ကွပ်ကဲရေးအဖွဲ့ဆီက ခွင့်ပြုမိန့်စာနဲ့ပြုလုပ်ဖို့ ညွှန်ကြားခဲ့ကြောင်း အမှတ်(၁) စစ်ဒေသ၊ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့က ဒီကနေ့ ဖေဖော်ဝါရီ ၂၃ရက်မှာ ထုတ်ပြန်ပါတယ်။

Public Service Announcement
ဒါ့အပြင် အဖွဲ့အစည်းစုံပူးပေါင်းပြီး မလိုတဲ့ဂိတ်တွေ ပိတ်ဖို့၊ လိုအပ်ချက်အရ ဖွင့်ထားတဲ့ဂိတ်တွေလည်း စနစ်တကျပေါင်းဖွင့်ဖို့၊ စစ်အုပ်စု ရှောင်ကွင်းသွားရတဲ့လမ်းတွေကိုလည်း ရတဲ့အခွန်ငွေတွေနဲ့ ပြင်ဆင်ဖို့ ညှိနှိုင်းထားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“တစ်မြို့နယ်မှာ မတူညီတဲ့လမ်းပိုင်းတွေမှာ အခွန်ဂိတ်တခုစီရှိပါမယ်။ ရန်သူနဲ့နီးတဲ့နေရာတွေမှာတော့ စစ်ဆေးရေးဂိတ်တွေရှိပါမယ်။”လို့ အမှတ်
(၁) စစ်ဒေသ၊ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့ တာ
ဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာ မြို့နယ်တစ်ခုချင်းစီအလိုက် ရှိသင့်တဲ့ အခွန်၊ စည်ပင်နဲ့ ကာကွယ်ရေးဂိတ်တွေကို အရပ်ဖက်၊ စစ်ဖက် အဖွဲ့အစည်းများနဲ့ ပေါင်းစပ်ညှိနှိုင်းသတ်မှတ်ထားပြီး မလိုက်နာပါက ထိရောက်စွာ အရေးယူမယ်လို့ အမှတ်(၁) စစ်ဒေသ၊ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့က အသိပေးပါတယ်။
ပိတ်ခဲ့တဲ့ ဂိတ်အများစုဟာ အထက်အဆင့်ဆင့်ရဲ့ လမ်းညွှန်ချက်၊ ခွင့်ပြုချက်ရယူထားတာမရှိဘဲ မိမိသဘောဆန္ဒအလျောက် ဖွင့်လှစ်ထားကြတာဖြစ်ပြီး ပြည်သူလူထုဆီကနေ ငွေကြေးကောက်ခံတာ၊ စစ်ဆေးရေးပြုလုပ်ရာမှာ စည်းကမ်းတကျမရှိတာတွေကြောင့် ဒေသတွင်းပြည်သူတွေ၊ လုပ်ငန်းရှင်တွေ၊ ခရီးသွားယာဉ်တွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေဟာ ခရီးသွားလာမှု နှောင့်နှေးပြီး စိတ်အနှောက်အယှက်ဖြစ်ကြရတယ်လို့ အမှတ် (၁) စစ်ဒေသ၊ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့က ဆိုပါတယ်။
ရွှေဘိုခရိုင်အတွင်း ငွေကောက်ခံတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ဂိတ်အချို့ကြောင့် ပြည်သူလူထုအသွားအလာခက်ခဲပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စေတာ၊ ရရှိလာတဲ့ငွေကြေးတွေကို ပွင့်လင်းမြင်သာစွာချပြခြင်းမရှိတာတွေကြောင့် ဝေဖန်ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ငွေကောက်တဲ့ဂိတ်မဟုတ်ဘဲ လိုအပ်လို့ စစ်ဆေးရတဲ့ဂိတ်တွေကတော့ ရှိသင့်ပါတယ်”လို့ ဒီပဲယင်းမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း တော်လှန်ရေးအတွက် သတ်မှတ်အခွန်ကိုပေးဆောင်ဖို့နဲ့ စည်းကမ်းသတ်မှတ်ချက်တွေကိုလိုက်နာဖို့ အမှတ် (၁) စစ်ဒေသ၊ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့က ထပ်မံအသိပေးပါတယ်။
“ဒီဟာ တကယ်တန်းကျတော့ ကောင်းမွန်တဲ့ အရွေ့တစ်ခုပဲလေ။ဘာဖြစ်လို့လည်းဆိုတော့ ဖောင်းပွနေတဲ့ ပြည်သူလူထုဆီကနေပြီးတော့ စီးဆင်းနေတဲ့ ငွေကြေးတွေကလည်း တကယ်အလုပ်လုပ်နေတဲ့တပ်ရင်းတပ်ဖွဲ့တွေ Local PDF တွေအကုန်လုံးဆီကို သူ့ဟာနဲ့သူ စနစ်ကျကျနဲ့ရောက်ရှိသွားမှာဖြစ်လို့ ပိုကောင်းမွန်တဲ့ အရွေ့တစ်ခုလို့ မြင်ပါတယ်။ အလေအလွင့်ကတော့အင်မတန်နည်းသွားမှာပေ့ါ။ငွေရေးကြေးရေးကိစ္စတွေ”လို့ရွှေဘိုခရိုင်တပ်ရင်း ၉၇၀၆ (ဒေါင်းနီတပ်ရင်း) တပ်ရင်းမှူးဗိုလ်လက်ျာကလည်းပြောပါတယ်။
အမှတ်(၁) ရွှေဘိုခရိုင် စစ်ဌာန နယ်မြေအတွင်းရှိ PDFတပ်ရင်းများ၊ Local PDF များနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖများ ဖွင့်လှစ်ထားတဲ့ အလှူခံဂိတ်၊ မဲရောင်းဂိတ်၊ လမ်းပြုပြင်ရေးရန်ပုံငွေဂိတ်၊ စစ်ဆေးရေးဂိတ် အစရှိတဲ့ ဂိတ်များအားလုံးအား စနစ်တကျ စိစစ်ဆောင်ရွက်မှု ပြုလုပ်နိုင်ဖို့ ဖေဖော်ဝါရီ ၁၇ရက်ကစပြီး ပိတ်သိမ်းရမယ်လို့ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနက ဖေဖော်ဝါရီ ၁၀ရက်က ထုတ်ပြန်ခဲ့တာပါ။
စစ်ကိုင်းတိုင်းအတွင်းက အကောက်ခွန်ဂိတ်အားလုံးပိတ်သိမ်းဖို့ စီမံချက်ရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူထားတဲ့ ဒုဝန်ကြီးဦးကျော်နီက လူထုနွေဦးကို ပြောထားပါတယ်။
အကောက်ခွန်ဂိတ်တွေနဲ့ပတ်သက်ပြီး ကြားကာလ ဗဟိုကော်မတီမှာ ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ထားပြီးသားဖြစ်တယ်လို့လည်း ဒုဝန်ကြီးဦးကျော်နီက ပြောပါတယ်။


















































