မေ-၂၄၊၂၀၂၆။ဇော်ရမ်း/People’s Spring
ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ဒေသခံအချို့နဲ့ ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းအချို့က လူပုဂ္ဂိုလ်အချို့ဟာ စစ်တပ်နဲ့သတင်းပေး၊ သတင်းယူကိစ္စရပ်တွေအပြင် စစ်ယန္တရားလည်ပတ်ရေးပါဝင်ပက်သက်နေကြောင်း စစ်ဆေးတွေ့ရှိလို့ ပါဝင်ပတ်သက်နေသူတွေအနေနဲ့ အမှားပြင်ဆင်ပြီး ဒုတိယအခွင့်အရေးအား ရယူကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနက သတိပေးထုတ်ပြန်လိုက်ပါတယ်။
Operation OTT မှာ ဖမ်းမိထားတဲ့ သုံ့ပန်းတွေနဲ့ သိမ်းဆည်းနိုင်ခဲ့တဲ့ စာရွက်စာတမ်းတွေကို စနစ်တကျ စစ်ဆေးရာမှာ စိုင်းပြင်မြို့ဒေသခံအချို့နဲ့ ဒေသတွင်းက တော်လှန်ရေးအဖွဲ့အစည်းအချို့က လူပုဂ္ဂိုလ်အချို့ဟာ စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေကြောင်း စစ်ဆေးတွေ့မှုအပေါ် သတိပေးထုတ်ပြန်လာတာ ဖြစ်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် စစ်တပ်ထံမှ ခရီးသွားထောက်ခံစာ ပြုလုပ်ရခြင်း၊ မှတ်ပုံတင်ပြုလုပ်ဖို့ထောက်ခံစာပြုလုပ်ရခြင်း အစရှိတဲ့ ပြည်သူလူထုရဲ့ အကြပ်အတည်းကို စာနာနားလည်ပေမယ့် အချို့ ပြည်သူတွေဂာ ၎င်းတို့ရဲ့ တသီးပုဂ္ဂလအကျိုးစီးပွားအတွက် စစ်တပ်နဲ့ လိုအပ်တာထက်ပို ဆက်ဆံနေတာကို လက်ခံနိုင်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။ အဲဒီလူတွေကတော့ စစ်တပ်နဲ့ပေါင်းပြီးရရှိထားတဲ့အကျိုးစီးပွားတွေ ကာကွယ်ဖို့ Operation OTT အပေါ် အပျက်သဘောဆောင်ပြီး စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးသတင်းတွေကို ဖြန့်ဝေနေတာတွေ့ရှိရတယ်လ်ို့ သတိပေးထားပါတယ်။

Public Service Announcement
အဆိုပါပုဂ္ဂိုလ်တွေအနေနဲ့လက်ရှိတော်လှန်ရေး လုပ်ငန်းတွေမှာ လမ်းကြောင်းမှန်ကန်စွာ ပူးပေါင်းပါဝင်ခြင်းအားဖြင့် အမှားတွေကို အမြန်ဆုံး ပြန်လည် ပြင်ဆင်ဖို့နဲ့ ဒုတိယအကြိမ်အခွင့်အရေးကို မလွတ်တမ်းဆုပ်ကိုင်ကြဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။
တော်လှန်ရေးနယ်မြေမှာ နေထိုင်ပြီး စစ်တပ်ကို အလုပ်အကျွေးပြုခြင်းဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေမှာကြံရာပါဖြစ်လို့ ခွင့်လွှတ်ဖို့မရှိဘူးလို့လည်း သတိပေးထားပါတယ်။
စိုင်ပြင်မြို့ခံ ပြည်သူလူထုအနေနဲ့လည်း ဆုံးရှုံးမှုတွေကြောင့် စိုးရိမ်ကြောင့်ကျနေခြင်းထက် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူ တော်လှန်ရေးရဲ့အခက်အခဲတွေကို အတူတကွ ကျော်ဖြတ်ပြီး မိမိမြို့၊ မိမိနယ်မြေလုံခြုံရေးအတွက် ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။
Operation OTT စစ်ဆင်ရေးဆိုတာက ၂၀၂၅ မေလ၁၂ရက်က ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်၂၀ကျော်သေဆုံးခဲ့တဲ့ ဖြစ်ရပ်အတွက် စစ်ဆင်ရေးပြန်လည်ဖော်ဆောင်တာ ဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနက ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ရဲစခန်းကို Operation OTT စစ်ဆင်ရေးအဖြစ် မေလ ၁၄ရက်မှာစတင်တိုက်ခိုက်ခဲ့ပြီး မေလ ၁၆ရက်မနက်မှာ အပြီးသတ်သိမ်းပိုက် ဖျက်ဆီးခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ ရန်သူ့ဖက်မှ ၁၁ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း တွေလည်း သိမ်းဆည်းရမိခဲ့ကြောင်းနဲ့ စခန်းမှူးဒုရဲအုပ် ဝင်းဇာနည်အောင်က သေဆုံး၊ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေနဲ့ (၅)နှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်တဲ့ မိသားစုဝင်တွေကို သူရဲဘောကြောင်စွာ ချန်ထားခဲ့ပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနကထုတ်ပြန်ထားပါတယ်။


















































