ရေးမြို့နယ်တိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာရဲစခန်းကိုဒရုန်းဖြင့် ဗုံးကြဲခဲ့သလို ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂၁ရက်၊ ၂၂ရက်နဲ့ ၂၃ရက်မှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာနမှတပ်များဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)နဲ့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေ ဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေး အခြေအနေကို အသိပေးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement
ဖေဖော်ဝါရီ ၂၁ရက်မှာ သံဖြူဇရပ်မြို့နယ် အနင်းရဲစခန်းကို ညီနောင်ဒရုန်းတပ်ပေါင်းစုက ဗုံးသီး (၂)လုံးကြဲချခဲ့တယ်လို့ ဖော်ပြပါတယ်။
စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံး အခြေအနေကို ဖော်ပြမထားပါဘူး။
ဖေဖော်ဝါရီ ၂၂ရက်နဲ့ ၂၃ရက်မှာ ရေးမြို့နယ်အတွင်း အင်အား ၁၅၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို နှစ်ကရင်ရွာနဲ့ အောင်သပြေကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
နှစ်ကရင်ကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်စဉ် ဒရုန်းနဲ့ ကြဲချခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံး အခြေအနေ စုံစမ်းနေဆဲဖြစ်ကြောင်း အသိပေးပါတယ်။
အောင်သပြေကျေးရွာအနီးမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တိုက်ပွဲ ပြင်းထန်စွာဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က ၅ဦး သေဆုံးကာ MSRFက တော်လှန်ရေးရဲဘော် ၂ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ဆင်ရေးမှာပါဝင်တဲ့ တပ်တွေကတော့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ရေးပျောက်ကျားတပ်(YGF)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁) နဲ့ ဗျူဟာ ၃၃ ဒေါနချေမှုန်းရေးတပ်ခွဲ၊ တပင်ရွှေထီးတပ် တို့ဖြစ်တယ်လို့ အသိပေးပါတယ်။


















































