မတ်-၁၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
အာဏာသိမ်းစစ်တပ် နဲ့ MNDAAလားရှိုးမြို့မှာဖေဖော်ဝါရီလ ၂၈ ရက်ကတွေ့ဆုံပြီးတဲ့နောက် အရာရှိတွေအပါအဝင် စစ်သုံ့ပန်း ၂၀၀ကိုထပ်မံလွှတ်ပေးလိုက်ပါတယ်။
လားရှိုးမြို့က ဆင်နှစ်ကောင်ဟိုတယ်မှာစစ်ကောင်စီအရာရှိတချို့နဲ့ MNDAA အရာရှိတချို့ တွေ့ဆုံခဲ့ပြီး ပြန်လွှတ် ပေးတာလို့ ရှမ်းမြောက်သတင်းရင်းမြစ်ကပြောပါတယ်။
“ ဒီတခေါက် ပြန်လွတ်လာတာမှာ စစ်တပ်ဘက်က အရာရှိတွေလည်းပါတယ်။ပြီးပြီးရော လွှတ်တာမဟုတ်ဘူး။ သေချာလွှဲပေးတာ” လို့ အထက်ပါသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement
စစ်တပ်မိသားစုဝင်တဦးက သူရဲ့ အဖေပြန်လွှတ်လာပြီးကျန်းမာရေးကောင်းမွန်ကြောင်းလူမှုကွန်ရက်မှာဖေဖော်ဝါရီ၂၈ရက်ညနေပိုင်းမှာရေးသားထားပြီးမှ ပြန်ဖျက်သွားပါတယ်။
MNDAAဟာ ၂၀၂၃ အောက်တိုဘာလ ၂၇ရက်မှာစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းဗိုလ်ချုပ်အချို့အပါအဝင် စစ်ကောင်စီသုံ့ပန်းထောင်ချီပြီးဖမ်းဆီးခဲ့ပါတယ်။
၂၀၂၄ ဇန်နဝါရီလ ၅ရက်က လောက်ကိုင်ဒကစကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာ လက်နက်ချအညံ့ခံခဲ့တဲ့ လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ်မိုးကျော်သူ၊ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်အပါအဝင် ဗိုလ်မှူးချုပ်ခြောက်ဦး၊ အရာရှိ ၂၂၈ဦး၊အခြားအဆင့် ၁,၈၉၅ဦးကို ဖမ်းပြီးတပတ်ခန့်အကြာမှာ MNDAAက ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။
လားရှိုးမြို့ကအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းတဲ့တိုက်ပွဲမှာလည်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ်မျိုးမင်းထွေး၊ ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးတို့လည်း MNDAAက ဖမ်းမိခဲ့ပြီး စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ပါတယ်။
ယခုတစ်ကြိမ်မတိုင်မီကဇန်နဝါရီလ၂၅ရက်နေ့မှာ စစ်သုံ့ပန်း ၅၀၀ ပြန်လွှတ်ပေးခဲ့ပါသေးတယ်။တာကျောင်(Da Jiao) မဟာပူဇော်ပွဲလို့ခေါ်တဲ့တရုတ်ရိုးရာပြက္ခဒိန်အရပြုလုပ်တဲ့အာဇာနည်ဝိညာဉ်ပို့ဆောင်ပွဲအခမ်းအနားနေ့အဖြစ်ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီ အင်အားလိုအပ်နေချိန် MNDAAက အခုလို ပြန်လွှတ်ပေးတဲ့အပေါ် လူထုက ဝေဖန်နေပါတယ်။ပြန်လွှတ်လာတဲ့သုံ့ပန်းအရာရှိတချို့ဟာ လူထုကို အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေကြပါတယ်။
စစ်သုံ့ပန်းအဖြစ်ကနေပြန်လည်လွတ်မြောက်လာပြီးတဲ့နောက်ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုန်းအခြေစိုက် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဗိုလ်မှူးချုပ် သန့်ထင်စိုးဟာ လာဘ်ပေးလာဘ်ယူမှုဆိုးရွားနေသလို စီးပွားရေးသမားတွေနဲ့ပေါင်းပြီး အရပ်သားပြည်သူတွေကိုဖိနှိပ်ကာတရားမဝင်စီးပွားရှာနေတယ်လို့ ရှမ်းပြည်နယ်ဒေသခံသတင်းရင်းမြစ်အချို့ကပြောပါတယ်။
MNDAAကပြန်လွှတ်ပေးလိုက်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးကလည်း အရပ်သားတွေကိုအစုလိုက်အ ပြုံလိုက်သတ်ဖြတ်မှုတွေကျူးလွန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့၂၀၂၅အောက်တိုဘာလက မုံရွာနဲ့ ချောင်းဦးမြို့ကြားက ထုံးဘိုရွာမှာ ဆီမီးသပိတ်ပြုလုပ်နေတဲ့လူအုပ်ထဲကို ဗုံးကြဲဖို့ ဗိုလ်မှူးချုပ်မျိုးမင်းထွေးက အမိန့်ပေးခဲ့ပြီး ကလေးငယ်တွေအပါအဝင် အရပ်သား၃၀နီးပါးသေဆုံး၊ ၄၀ကျော်ဒဏ်ရခဲ့ပါတယ်။ ဒဏ်ရာရတဲ့ပြည်သူတွေ ဆေးကုနေတဲ့နေရာကို လေကြောင်းကနေ ဗုံးထပ်ကြဲလို့ သေဆုံးမှုတွေရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းမှာတော့ ဗိုလ်မှူးချုပ်မျိုးမင်းထွေးကို စစ်ကောင်စီက ပြန်ဖမ်းဆီးပြီး စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ကျော်သူရကို နမခတိုင်းမှူးအဖြစ်ခန့်အပ်ထားပါတယ်။






















































