Connect with us

Hi, what are you looking for?

သတင်း

နော်ဝေးမှာရှိတဲ့ အမေရိကန် သံရုံးက ပေါက်ကွဲမှုဟာ အကြမ်းဖက်မှုနဲ့ ဆက်စပ်နိုင်တယ်လို့ဆို

အမေရိကန် သံရုံးမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်နိုင်ခြေရှိကြောင်း နော်ဝေး ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

အမေရိကန် သံရုံးမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်နိုင်ခြေရှိကြောင်း နော်ဝေး ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

အော့စလို မြို့တော်မှာရှိတဲ့ အမေရိကန် သံရုံးမှာ မတ်လ ၈ ရက် မနက်အစောပိုင်း၊ အရုဏ်မတက်ခင်မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တာပါ။ အဲဒီ ဖြစ်ရပ်မှာ အပျက်အစီး အနည်းအကျဉ်း ဖြစ်ပေါ်ခဲ့ပေမယ့် ထိခိုက်သေဆုံးမှု မရှိခဲ့ပါဘူး။

သံရုံးရဲ့ ကောင်စစ်ဝန်ရုံးဖက်အပိုင်း အဝင်ဂိတ်နားမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့တာလို့ အော်စလို ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဖောက်ခွဲရေးပစ္စည်း တစ်ခုကြောင့် အဲဒီလို ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ရဲတွေက ပြောပေမယ့် အသေးစိတ်ကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ အကြမ်းဖက် တိုက်ခိုက်မှု သဘောတရားတွေ ဆက်စပ် ပါဝင်နိုင်တယ်လို့ ယူဆထားပေမယ့် အသေးစိတ် စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့လည်း ရဲတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နော်ဝေး ဝန်ကြီးချုပ် ယောနက်စ် ဂါစတိုက ဒီဖြစ်ရပ်ကို အထူး အလေးအနက် သဘောထားဖို့ လိုအပ်ကြောင်း ပြောကြားခဲ့သလို လုံးဝ လက်ခံနိုင်စရာ မရှိဘူးလို့လည်း ဆိုပါတယ်။ သူက အမေရိကန် သံရုံး အကြီးအကဲနဲ့လည်း တွေ့ဆုံ စကားပြောခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

ပေါက်ကွဲမှု အပြီးမှာတော့ အဆောက်အအုံရဲ့ ထူထဲတဲ့ မှန်တံခါးမှာ ပပ်ကြားအက်တွေ ထင်ကျန်နေခဲ့တာကို တွေ့ရပါတယ်။ အနီးမှာရှိတဲ့ လမ်းမီးတိုင်တွေရဲ့ မီးလုံးတွေကလည်း တွဲလောင်းကျနေခဲ့ပြီး တံခါးအဝက မြေပြင်မှာလည်း ပေါက်ကွဲမှု အရှိန်ကြောင့် မည်းတူးနေခဲ့ပါတယ်။

အကြမ်းဖက် ဝါဒဟာ အခုဖြစ်ရပ်ရဲ့ နောက်ကွယ်က ဖြစ်နိုင်ခြေ အကြောင်းတရားတွေထဲက တစ်ခုလို့ ယူဆထားကြောင်း ရဲတပ်ဖွဲ့ရဲ့ စုံစမ်းရေးနဲ့ ထောက်လှမ်းရေး ယူနစ် အကြီးအကဲ ဖရော့ဒေး လာဆန်က ဆိုပါတယ်။ ဒါပေမဲ့လည်း လောလောဆယ်မှာတော့ ဘာကိုမှ တိတိကျကျ မဆုံးဖြတ်သေးကြောင်း၊ တခြား ဖြစ်နိုင်ခြေ အကြောင်းတရားတွေလည်း ရှိနေသေးကြောင်း သူက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဖောက်ခွဲရေး ပစ္စည်းကို အဲဒီနေရာမှာ လာထားသွားသူကို ရဲတွေက စုံစမ်းရှာဖွေနေပေမယ့် လောလောဆယ် အထိတော့ သံသယရှိသူ တစ်ယောက်ယောက်ကို မဖော်ထုတ်နိုင်သေးဘူးလို့လည်း သိရပါတယ်။

အော့စလို ရဲတပ်ဖွဲ့ရဲ့ စုံထောက် ဂရက်တေး လီယန် မတ်လစ်တ်ကတော့ အဲဒီ ဖောက်ခွဲရေး ပစ္စည်းဟာ သံရုံးထဲ ပစ်သွင်းခံခဲ့ရတာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ အဲဒီပစ္စည်းဟာ လက်ပစ်ဗုံး တစ်လုံးလားလို့ သတင်းထောက်တွေက မေးတဲ့အခါ ဘယ်လို ပစ္စည်းလဲ ဆိုတာကို အခုထိ တိတိကျကျ မသိရသေးဘဲ စုံစမ်းနေဆဲလို့ပဲ သူက တုံ့ပြန်သွားပါတယ်။

ဒီဖြစ်ရပ်ဟာ အရှေ့အလယ်ပိုင်းမှာ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခနဲ့ ဆက်နွှယ်နေသလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အော့စလိုမှာ ရှိနေတဲ့ စုံထောက်တွေကလည်း အဲဒီ ဖြစ်နိုင်ခြေကို ငြင်းပယ်မထားပါဘူး။ အီရန်စစ်ပွဲ စတင်ချိန်ကတည်းက ကမ္ဘာအနှံ့မှာ ရှိနေတဲ့ အမေရိကန် သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေမှာ လုံခြုံရေး အစီအမံတွေကို တိုးမြှင့်ထားပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မောင်ဖြစ်သူ နော်ဝေးဘုရင်ရဲ့ ဈာပနကို တက်ရောက်ပြီး ၂ ရက်အကြာမှာပဲ နော်ဝေး မင်းသမီးကြီး အက်စ်ထရစ်လည်း ကွယ်လွန်သွားကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။