ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေအပါအဝင် ပြည်သူ ၃၀ကျော် စစ်တပ်သတ်ဖြတ်ခဲ့
မတ်-၉၊ ၂၀၂၆။ ထားမြတ်၊ ဒလပန်း/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်(ခလွယ်လွီထူ)ခရိုင်မှာ အာဏာသိမ်းစစ်ကောင်စီက ပြည်သူတွေအစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံတွေ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ဒီကနေ့ မတ်လ ၉ရက်မှာ ထုတ်ပြန်ပါတယ်။

KNU အုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်းက ကျောင်းကုန်း၊ ဒလဆိပ်နဲ့ ထီးပုလု ဒေသတွေမှာ စစ်ကောင်စီက ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့အပြင် ပြည်သူ ၁၆၀ လောက်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းထားတယ်လို့ အသိပေးပါတယ်။

Public Service Announcement
စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှု၊ တိုက်လေယာဉ် ဗုံးကြဲမှုတွေကြောင့် မတ်လ ၅ရက်မှာ အရပ်သား ပြည်သူ ၂၈ ဦး သေဆုံးခဲ့ပြီး အဲဒီထဲမှာ ကလေးငယ်တွေလည်း ပါဝင်ကြောင်း အသိပေးထားပါတယ်။ တရက်တည်းမှာပဲ စစ်အုပ်စုဟာ ထီးပုလုရွာက အမျိုးသား ၅ဦးကို သတ်ဖြတ်ခဲ့ပြီး ဒေခသံ ၁၆၀ ခန့်ကို ရွာစာသင်ကျောင်းမှာ လူသားဒိုင်း ပြုလုပ်ထားဟု KPSNက ဖော်ပြပါတယ်။
” ကျနော်တို့တင်ထားတဲ့ခေါင်းစဉ်အတိုင်း’Crime Against Humanity’ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုပါ”လို့ KPSN ရဲ့Media Coordinator ကပြောပါတယ်။
၎င်းကဆက်လက်ပြီး “ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်ရဲ့အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ စစ်တောင်းမြစ်အနောက်ဖက်ခြမ်း(အထူးသဖြင့် ရန်ကုန်-မန္တလေးလမ်းဟောင်းအရှေ့) ထီးပူလူ(ရေတွင်းကုန်း)အုပ်စုထဲက ရေတွင်းကုန်းရွာ၊ ကျောင်းကုန်းရွာ၊ ဒလဆိပ်ရွာနဲ့ ကညင်ကျိုးရွာကို မတ်လ ၅ရက်နေ့ကတည်းကစပြီး စကမဖက်ကစစ်ဆင်ရေးစတင်လုပ်ဆောင်လာတယ်။ စစ်ကြောင်းစမထိုးခင် ထီးပူလူကျေးရွာအုပ်စုထဲက အင်းပယိ၊ မိုးခို၊ ဒလဆိပ်၊ ကျောင်းကုန်းရွာတွေကို အလျင် ဒရုန်း၊ ဂျက်တိုက်လေယာဥ်နဲ့ဗုံးကြဲပြီးမှ ပိန်းဇလုတ်အခြေစိုက် ခလရ-၂၆၄နဲ့ ပူးပေါင်းတပ်တွေက ထီးပူလူရွာထဲကိုဝင်လာပြီး ကြောက်လန့်ပြေးလွှားနေကြတဲ့ရွာသား၁၆၀ကျော်ကို ပစ်ခတ်သလို ရွာရဲ့စာသင်ကျောင်းမှာ ဓားစာခံအဖြစ်ဖမ်းထားတယ်”လို့ ပြောပါတယ်။

“အဲဒီသတင်း ကျနော်တို့လည်းရပါတယ်။ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်က ရွာအချို့ပေါ့ အဲဒီရွာတွေကို စစ်ကြောင်းထိုးပြီးတော့ ပြည်သူတွေကိုလည်း အများကြီး ဖမ်းဆီးညှင်းပမ်း နှိပ်စက်တာတွေ သတ်ဖြတ်တာတွေ ဒါတွေလုပ်ခဲ့တယ်။ အဲဒီအထဲမှာဆိုရင် ကလေးသုံးဦး ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ဦး အပါအဝင် သက်ကြီးရွယ်အိုတွေအပါအဝင် ပြည်သူ ၄၀လောက် သေဆုံးခဲ့တယ်လို့တော့ သတင်းရရှိထားပါတယ်”လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စု ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
စစ်တပ်ဟာ ဒေသတွင်းကို စစ်ကြောင်းထိုးစဉ် လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ လုပ် စစ်ကြောင်းထိုးလာခြင်းဖြစ်တယ်လို့ ပြောပြပါတယ်။
စစ်တပ်ရဲ့ အခုလို ပြည်သူတွေကို အစုလိုက်၊အပြုံလိုက် သတ်ဖြတ်တဲ့ လုပ်ရပ်ဟာ လူထုတွေကို အကြောက်တရား သွင်းတာ၊ ပြည်သူကို ရန်သူလို့ သဘောထားတာ ဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
ညောင်လေးပင်ခရိုင်အတွင်း စစ်တပ်က ပြည်သူတွေကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေတွေ မေးမြန်းနိုင်ဖို့ KPSN၊ KNUနဲ့ ကရင်လူငယ်အဖွဲ့ KYO တာဝန်ရှိသူတွေဆီကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေအရ စစ်တပ် အာဏသိမ်းပြီးနောက်ပိုင်း အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ် ၅၀၀ ကျော်ကို ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ဖြစ်စဉ် တခုအတွင်း လူ ၅ဦးနဲ့ အထက် အသက်ဆုံးရှုံးခဲ့ရတာတွေကို စုစည်းထားတာဖြစ်ပါတယ်။
၅နှစ်တာအတွင်း စစ်တပ် ကျူးလွန်ခဲ့တဲ့ အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ် ၅၀၀ ကျော်အနက် ၂၀၂၅ အတွင်း မှာ ၁၅၉ မှုအထိ ကျူးလွန်ခဲ့ကြောင်း အသိပေးပါတယ်။ စစ်တပ်ဟာ ပိုပြီး စနစ်တကျနဲ့ ရက်စက်လာကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက အသိပေးထားပြီး စစ်တပ်ကျူးလွန်ပုံတွေ တနှစ်ထက် တနှစ်ပိုပြင်းထန်လာတာ၊ အရပ်သားတွေကို လူသားဒိုင်းအဖြစ် ပိုသုံးပြီးစစ်ကြောင်းထိုးတာ နေရာတိုင်းမှာ ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။


















































