မတ်-၂၆၊၂၀၂၆။သတိုး/People’s Spring
အညာဒေသကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ စစ်ကောင်စီရဲ့ မကွေးလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar -BWMအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“မကွေးလေတပ်စခန်းသည် နွေဦးတော်လှန်ရေး၏ အဓိကကျပြီးအားကောင်းသော အညာဒေသရှိ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်နှိမ်နင်းရာတွင် စစ်ရှုံးကောင်စီ အဓိကအားထားသည့် လေတပ်စခန်းဖြစ်သည့်အပြင်၊ ကပစ(၂၁)မှ ထုတ်လုပ်သော လေယာဉ် ဗုံးသီးတို့ကို အဓိက သိုလှောင်ကာ ခွေးလေတပ်စခန်းအသီးသီး ကို အဓိကဖြန့်ဖြူးပေးနေသည့် အဓိကကျသော စကမ၏ လေတပ်စခန်းဖြစ်သည့် အတွက် BWM နှင့် မဟာမိတ်တို့က ယခုမစ်ရှင်ကို ကြိုးစားဖော်ဆောင်ခဲ့ ခြင်းဖြစ်ပါသည်။” လို့ ပြောပါတယ်။
အဲဒီစစ်ဆင်ရေးကို မတ်လ ၂၅ရက် ည ၁၁ နာရီကျော်မှာ BWM နဲ့အတူ No More Dictatorship (NMD-PDF)၊ Infinity (အညာ)၊ Justice Brothers Force ၊ ဒေါင်းစစ်အောင် ၊မြိုင်ပကဖ စတဲ့အဖွဲ့ တွေနဲ့ ပူးပေါင်းပြီး BWM ရဲ့Mission 53 အနေနဲ့ ၁၀၇ မမ ရှော့တိုက်ဒုန်း (၁၁) လုံးပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement
ပစ်ခတ်တဲ့ ရှော့တိုက်ဒုန်းတွေ အကုန်အောင်မြင်ခဲ့ပြီး မကွေးလေတပ်စခန်းအတွင်း ကျရောက်ခဲ့တယ်လို့သိရကာ ဆေးရုံကားတွေ ဝင်တာလည်း တွေ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို BWM ကဖော်ပြထားပါတယ်။
လေတပ်စခန်းထဲမှာရှိတဲ့ ဗုံးသီးတွေကို တိုက်ရိုက်ထိမှန်ခဲ့တာမရှိပေမယ့် Stable မဖြစ်ပဲ အချိန်မရွေး ပေါက်ကွဲနိုင်တာကြောင့် လေယာဉ်တွေမှာ ချိတ်ဖို့ အန္တရာယ်ရှိ၊မရှိ စစ်ဆေးခိုင်းနေတယ်လို့လည်းဆိုပါတယ်။
စစ်ကောင်စီက လေယာဉ်ဆီတွေရှားပါးနေတယ်ဆိုပေမယ့် အညာဒေသအပါအဝင် တစ်နိုင်ငံလုံး ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာပါ။
“တိုက်ခိုက်ဖို့ အတွက် သီးသန့်ချန်ထားပုံပါပဲ။ဒီအတိုင်းဆိုမကြာခင်ကုန်တော့မှာမို့ မကုန်ခင် ရှိတာ အကုန်သုံး ရက်စက်နေတဲ့ သဘောလို့ မြင်ပါတယ်။”လို့ BWMရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒီလိုအချိန်မှာ အခွင့်ကောင်းယူပြီး စစ်ကောင်စီရဲ့ လေတပ်စခန်းတွေကို တိုက်ခိုက်မှုတွေပြုလုပ်မှာဖြစ်သလို တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း လုပ်ဆောင်ကြဖို့ BWMက တိုက်တွန်းထားပါတယ်။
“မကွေးလေတပ်ကို ဒီ အကြိမ် တိုက်ခိုက်တာဟာ BWM အတွက် ပထမဆုံး ပါ။ခက်ခက်ခဲခဲ တိုက်ခိုက်ရတာ မို့ ဝိုင်းဝန်းကူညီတဲ့ နယ်မြေခံ အဖွဲ့တွေကို အထူးကျေးဇူးတင်ရပါတယ်။” လို့ BWM ရဲ့တာဝန်ရှိသူကပြောပါတယ်။
BWM အဖွဲ့အနေနဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး မတ်လ ၁၂ရက်က တောင်ငူလေတပ်စခန်း နဲ့ မတ်လ ၁၅ ရက်မှာ တောင်ပိုင်းတိုင်းမှာရှိတဲ့ စစ်လက်နက်ပစ္စည်းတပ်ခွဲ စနစ(၄၈၄)ကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။

















































