မတ် – ၂၇ ၊၂၀၂၆ ၊ နိုင်ပကောင်း /People’s Spring
ဒီနေ့ (မတ်လ ၂၇ ရက်) မှာကျရောက်တဲ့ စစ်တပ်နေ့ အခမ်းအနားအပြီးမှာ စစ်တပ်ခေါင်းဆောင်ပိုင်းအပြောင်းအလဲဖြစ်မယ်လို့ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီးစိုးဝင်း ရဲ့ပြောကြားချက်ကို စစ်တပ်ဝါဒဖြန့် ယန္တယား မြဝတီရုပ်မြင်သံကြားသတင်းမှာ ထည့်သွင်းဖော်ပြပါတယ်။
နေပြည်တော်မှာ မတ်လ ၂၆ ရက်က ပြုလုပ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်အပါအဝင် စစ်တပ်ခေါင်းဆောင်ဟောင်းတွေကို ဂါရဝပြု အခမ်းအနား မှာ အာဏာသိမ်းစစ်ကောင်စီ ဒုခေါင်းဆောင်က ထည့်သွင်းအသိပေးပြောခဲ့တာပါ။
စစ်တပ်ခေါင်းဆောင်ပိုင်းအပြောင်းအလဲ ဘယ်လိုပဲ ရှိပါစေ ယခင် တပ်ခေါင်းဆောင် အစဉ်အဆက်ရဲ့ လမ်းညွှန်ချက်နဲ့ မူဝါဒတွေ အတိုင်း ဆက်လက်လျှောက်လှမ်းသွားမှာ ဖြစ်တယ်လို့ စစ်ကောင်စီဒုခေါင်းဆောင်က ဆိုပါတယ်။

Public Service Announcement
ပုံမှန်အားဖြင့် စစ်တပ်နေ့မတိုင်ခင် စစ်တပ် ခေါင်းဆောင်းဟောင်းတွေကို ဂါရဝပြုတဲ့ အခမ်းအနားကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တက်ရောက်လေ့ရှိတာပါ။
ဒါပေမယ့် အခုတစ်ခေါက်မှာတော့ သူ့ကိုယ်စား ဒုတပ်ချုပ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှုးကြီးစိုးဝင်း ဦးဆောင်တက်ရောက်တာတွေ့ရပါတယ်။
စစ်ကောင်စီခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ခါးဝေဒနာ ခွဲစိတ်ကုသမှု ခံယူထားပါတယ်။ တပ်ခေါင်းဆောင်ပိုင်းအပြောင်းအလဲမှာတော့ အာဏာသိမ်းစစ်တပ်ရဲ့ (၁၁) ဦးမြောက် တပ်ချုပ်အဖြစ် လက်ရှိ ဒုတပ်ချုပ် စိုးဝင်းဖြစ်လာနိုင်တယ်လို့သတင်းတွေထွက်နေပါတယ်။
မင်းအောင်လှိုင်ကတော့ သမ္မတ ရာထူးရယူမှာဖြစ်ပြီး သူဟာ တပ်ချုပ်အဖြစ် စစ်တပ်ကို ၁၅ နှစ်ကြာ အုပ်ချုပ်ခဲ့သူပါ။ ဒီနေ့မှာ ကျင်းပတဲ့ စစ်တပ်နေ့ ကို တပ်ချုပ်အဖြစ် နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ တက်ရောက်ဖို့လည်းရှိပါတယ်။
ဖက်ဆစ်ဂျပန်ကိုတစ်နိုင်ငံလုံးအတိုင်းအတာနဲ့စတင်တော်လှန်ဖို့ သတ်မှတ်ထားတဲ့ ၁၉၄၅ ခုနှစ် ၊မတ်လ ၂၇ ရက်ကို ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ဂုဏ်ပြုခဲ့တာပါ။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၅၅ ခုနှစ်မှာတော့ ဗိုလ်ချုပ်ကြီးနေဝင်းက တပ်မတော်နေ့အဖြစ် အမည်ပြောင်းလဲကျင်းပစေခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ – စစ်တပ်ပြန်ကြားရေး


















































