Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာဆီတန်းစီရင်းအမျိုးသားတဦးထပ်မံ သေဆုံး

ရန်ကုန်မြို့မှာစက်သုံးဆီဝယ်ဖို့တန်းစီရင်း ဒီက​နေ့မှာ အမျိုးသားတဦးထပ်မံ​သေဆုံးခဲ့ပါတယ်။

ရန်ကုန်မြို့မှာစက်သုံးဆီဝယ်ဖို့တန်းစီ​နေတဲ့ကား​တွေကို မတ်လဆန်းက​တွေ့ရစဥ်။ဓါတ်ပုံ-PS

ဧပြီ-၆၊၂၀၂၆။တာရာ/People’s Spring

ရန်ကုန်မြို့မှာစက်သုံးဆီဝယ်ဖို့တန်းစီရင်း ဒီက​နေ့မှာ အမျိုးသားတဦးထပ်မံ​သေဆုံးခဲ့ပါတယ်။

တောင်ဥက္ကလာ လိုင်စင်ရုံးနားမှာရှိတဲ့ Max ဆီဆိုင်ကို ဆီဖြည့်ဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ အသက် ၄၅ နှစ်အရွယ်ပိုင်း အမျိုးသားတဦးသေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကိုမြင်​တွေ့ခဲ့တဲ့ယာဉ်မောင်းတွေက​ပြောပါတယ်။

အဆိုပါအမျိုးသားဟာ ဆီဖြည့်ဖို့အတွက်မ​နေ့ (ဧပြီ ၅ )ညပိုင်းကတည်းက ညအိပ်စောင့်ဆိုင်းခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ညကအထိ စကားတွေဘာတွေပြောလိုက်သေးတယ်။ မနက်(ဧပြီ ၆)ကြတော့ ၈ နာရီလောက်ကဆီစပေးတယ်။ ကားတွေရွေ့နေတော့ သူ့ကားကမထွက်တော့ ဆင်းကြည့်တာ သေနေပြီ။ ကျွန်တော်တို့လည်းဘာလုပ်ရမှန်းမသိဘူး။လူမှုကူညီရေးအသင်းကိုအကြောင်းကြားပေးလိုက်တယ်” လို့ ယာဉ်မောင်းတစ်ဦးကပြောပါတယ်။

​သေဆုံးသူနဲ့ပတ်သက်ပြီးအ​သေးစိပ်မသိရ​သေး​ပေမယ့်သူ​မောင်းလာတဲ့ကားရဲ့ ဝှီးတက်စ်မှာ ဦး​အောင်ကြည်စိုးလို့​ရေးထားတယ်လို့စုံစမ်းသိရပါတယ်။

နိုင်ငံတစ်ဝန်းစက်သုံးဆီဝယ်ယူဖို့တန်းစီရင်း​အချိန်ကြာမြင့်လွန်းတာ ၊ရာသီပူပြင်းတာ စတာ​တွေ​ကြောင့် သေဆုံးသူ ၊ သတိလစ်သူဦးရေဟာ မတ်လကုန်ပိုင်းကစပြီး တဖြည်းဖြည်းများလာ​နေပါတယ်။

အီရန်စစ်ပွဲကြောင့် နိုင်ငံတကာနည်းတူ မြန်မာနိုင်ငံမှာစက်သုံးဆီရှားပါးပြတ်လပ်မှုကြုံ​နေတာမှာ စစ်​ကောင်စီက ဆီ​ရောင်းတဲ့ပုံစံကို မကြာခဏ​ပြောင်း​နေ​ပေမယ့် ပြည်သူ​တွေဆီဝယ်ယူရတာခက်ခဲ​နေဆဲဖြစ်ပါတယ် ။ ဒါ့အပြင် ဆီ​ဈေးနှုန်း​တွေကိုလည်းအပါတ်စဥ် ဆက်တိုက်တိုးမြှင့်​နေပြီ မြန်မာဟာ ​ဒေသတွင်းမှာ ဆီ​ဈေးအတက်ဆုံးနိုင်ငံဖြစ်​နေတယ်လို့ Economics မဂ္ဂဇင်းက​ဖော်ပြပါတယ်။

ရန်ကုန်မှာရှိတဲ့စက်သုံးဆီအရောင်းဆိုင်တော်တော်များများမှာ ဆီခွဲတမ်းမရလို့ ရောင်းချနိုင်ခြင်းမရှိပဲ ပိတ်ထားရပြီး Max နဲ့ DENKO ဆီဆိုင်တွေမှာသာ တန်းစီဝယ်ယူနေရတယ်လို့ ယာဥ်​မောင်း​တွေက​ပြောပါတယ်။

စက်သုံးဆီဝယ်ယူလိုသူအများစုဟာ ညအိပ်တန်းစီစောင့်ဆိုင်းနေကြရပြီး စက်သုံးဆီပြတ်တောက်သွားမှာကို ယာဉ်မောင်းတွေကစိုးရိမ်​နေကြပါတယ်။စက်သုံးဆီ​ဈေးတက်လာတဲ့အတွက် ကားခအပါအဝင်ကုန်​ဈေးနှုန်း​တွေလည်းပိုကြီးလာတယ်လို့ပြည်သူ​တွေက​ပြောပါတယ် ။

ဆက်စပ်သတင်းများ