ဧပြီ – ၆ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ် ၊ ထိုင်း – မြန်မာ နယ်စပ် မြဝတီမြို့တောင်ဘက် က ဝေါ်လေမြို့အနီးရှိ ဗျုဟာစခန်းကုန်းမကျဖို့အတွက် စစ်ကောင်စီလေတပ်က လေကြောင်းပစ်ကူနေ့စဉ်နီးပါးပေးနေရတယ်လို့ ကရင်သတင်းရင်းမြစ်ဆီကသိရပါတယ်။
ဝေါ်လေဗျုဟာ စခန်းကုန်းကို ပြီးခဲ့တဲ့မတ်လ ၃၁ ရက် ကစပြီး KNU တပ်မဟာ (၆) ဦးဆောင်ကာ PDF တပ်တွေ ပါဝင်တဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာမှာ နှစ်ဖက် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လေတပ်ပါ သုံးလာရတာပါ။
မတ်လ ၃၁ ရက်ကနေ ဧပြီလ ၆ ရက်အထိ ခုနှစ်ရက်အတွင်း ဝေါလေဗျုဟာအနီးဝန်းကျင်တဝိုက်ကို လေယာဉ်နဲ့ နေရာ ၊ညပါ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ ၊ ဒရုန်းနဲ့ ဗုံးချတာတွေကြောင့် ဝေါ်လေမြို့ပေါ်ရပ်ကွက်တွေမှာ ပါ ကျရောက်ပေါက်ကွဲတာရှိနေပါတယ်။

Public Service Announcement
ဝေါ်လေဗျုဟာအနီးက ထီးသဲလယ်ရွာ ဟာ ထိခိုက်ပျက်စီးမှု ကြီးမားပြီး ၊ အဲဒီ ဗျုဟာဝန်းကျင်က ထီးညလိ(ရွှေဖရုံသီး)ဘုန်းကြီး ကျောင်းလည်း ဗုံးထိမှန်ပြီး မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။
ထီးသဲလယ်ရွာအပါအဝင် ဒေသခံတွေကတော့ တိုက်ပွဲနဲ့ ဝေးတဲ့နေရာဘက်ဆီ တိမ်းရှောင်နေကြတယ်လို့ ကရင်သတင်းရင်းမြစ်ကပြောပါတယ်။
ဝေါ်လေ ဗျုဟာစခန်းကုန်းကို ပူးပေါင်းတပ်တွေက ဝန်းရံပိတ်ဆို့ထားတာကြောင့် အခုရက်ပိုင်းအတွင်း ခဲယမ်း ရိက္ခာ ကို လေယာဉ်နဲ့ စစ်ကောင်စီတပ်က ချပေးနေတယ်လို့ကရင်သတင်းရင်းမြစ်ကအသိပေးပါတယ်။
တဖက်မှာလည်း ဝေါ်လေဗျူဟာဆီ စစ်ကူပေးပို့ဖို့နဲ့ ဖလူးဒေသ ကို ပြန်လည်သိမ်းယူနိုင်ဖို့အတွက် စစ်ကြောင်းထိုးတဲ့ စစ်တပ်နဲ့ KNU ပူးပေါင်းတပ်တို့ မြဝတီမြို့ တောင်ဘက် ဖလူးဒေသမှာလည်း ဒီနေ့ မနက်ပိုင်းအထိ တိုက်ပွဲဆက်ဖြစ်နေပါတယ်။


















































