ဇွန်-၃၊၂၀၂၆။ဒီးဒီ၊နိုင်ပကောင်း /People’s Spring
မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်နေပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။
ဇွန်လ ၂ရက်မှာ KNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးစစ်တပ်က လေကြောင်းပစ်ကူသုံးပြီးအပြင်းအထန်ခုခံနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။
“စစ်တပ်က ကုန်းပေါ်မှာ ဒဏ်ရာရထားတာ ၄၀၊ ၅၀ လောက်ရှိတယ်ပြောတယ်။ ဝေါ်လေက ဗျူဟာအရတော့ ဗျူဟာက နည်းနည်းကျယ်တယ်လေ။ သူတို့ ဘယ်လောက်တောင့်ခံနိုင်မလဲပေါ့လေ”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ပြောပါတယ်။

Public Service Announcement
တိုက်ပွဲမှာပြင်းထန်ပြီး နှစ်ဖက်စလုံးမှာထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။စစ်တပ်က Y-12၊ ဂျက်ဖိုက်တာတွနဲ့ လေကြောင်းမှဆက်တိုက်ဗုံးကြဲ ပစ်ကူပေးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“လေယာဉ်က ဆက်တိုက်လာတာ။ ပြည်သူတွေက စက်သုံးဆီချွေတာပြီးသုံးနေရတယ်။လေယာဉ်ကြတော့။ ဗုံးကြဲဖို့ကြ လောက်နေတယ်”လို့ အထက်ပါသတင်းရင်းမြစ်ကဆက်ပြောပါတယ်။
ဇွန် ၂ ရက်ညနေ(၃)နာရီခွဲအချိန်ခန့်မှစပြီး စစ်တပ်က တိုက်လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲနေတာဖြစ်ပါတယ် ။ဒါ့အပြင် ဒရုန်းတွေနဲ့လည်း အသုံးပြုတိုက်ခိုက်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲကြောင့် နယ်စပ်က မြန်မာစစ်ဘေးရှောင် ၂၀၀ ခန့်ဟာ ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်း တိမ်းရှောင်ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒါအပြင် တိုက်ပွဲတွေအတွင်းလွှတ်တင်တဲ့အသေခံဒရုန်းတစ်စင်းဟာ ထိုင်းနိုင်ငံပိုင်နက် နယ်စပ်မှာကျရောက်ပေါင်ကွဲတာကြောင့်သေဆုံးထိခိုက်မှုတွေလည်းရှိနေပါတယ် ။
အဲဒီအသေခံဒရုန်းကိုဘယ်ဘက်ကလွတ်တင်တယ်ဆိုတာ သီးခြားအတည်မပြုနိုင်သေးပေမယ့် စစ်တပ်က ဝေါလေဗျူဟာအတိုက်ခံရချိန်မှာ လေကြောင်းနဲ့ ဒရုန်းတွေကို အဓိကသုံးပြီးခုခံနေတာဖြစ်တယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
ဒါအပြင် ဖလူး၊ မင်းလက်ပံဒေသတွေမှာတိုက်ပွဲတွေ မရှိပေမယ့် စစ်တပ်ကလက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
“ထင်တာ သူတို့(စစ်တပ်)တိုးမှမရတာ၊ တက်လာလိုက် သေကုန်လိုက် ပြန်ဆုတ်လိုက်ပဲ။ အခြေအနေ စောင့်ကြည့်နေတုန်း၊ အဲဒါကြောင့် တက်မလာသေးတာထင်တယ်”လို့ ဖလူးဒေသရှိ ကရင်သတင်းရင်းမြစ်တစ်ဦးကပြောတယ်။
တော်လှန်ရေးတပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီ ၂၅ရက်ကလည်း ဝေါ်လေဗျူဟာကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲတုန်းကလည်း စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ခုခံခဲ့ရပါတယ်။ဧပြီ ၂၅ ရက်မှာလည်း တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းက နယ်စပ်မှာလုံခြုံရေးတိုးမြှင့်ခဲ့ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက ဝေါ်လေဗျူဟာကုန်းစခန်းကို ပြီးခဲ့တဲ့ ၂၀၂၅ ဇူလိုင်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၂၆ မတ်လမှာတော့ စစ်တပ်ရဲ့ဝေါလေဗျူဟာကိုအပြီးသတ်သိမ်းနိုင်ဖို့ တော်လှန်ရေးတပ်တွေကို အရှိန်မြင့် တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ ဝေါ်လေဗျူဟာရဲ့ကာကင်းတွေကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ် ။ဆက်လက်ပြီး ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။
ဝေါ်လေဗျူဟာမကျရေးအတွက်စစ်တပ်ကလည်း လေကြောင်းကဗုံးတွေကြဲသလို ကာမီကာဇေဒရုန်းတွေနဲ့ ပါခုခံနေတာပါ။ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကကာလရှည် ပိတ်ဆို့ဖြတ်တောက်ထားတာဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်တပ်ကဝေါလေဗျူဟာရှိစစ်သားတွေအတွက် စားနက်ရိက္ခာ နဲ့ ခဲယမ်းတွေကိုလေကြောင်းကနေ မကြာခဏ ချထားပေးပါတယ်။ အဲဒီလို လက်နက်ခဲယမ်းနဲ့ ရိက္ခာထုပ်တွေချပေးတာမှာတော်လှန်ရေးတပ်တွေကသိမ်းဆည်းရရှိခဲ့တာတွေလည်းရှိပါတယ်။
ဝေါ်လေဗျူဟာကို စစ်ကူပေးဖို့နဲ့ မြဝတီမြို့တောင်ဘက်မှာ လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်ရဖို့အတွက် စစ်တပ်က ပြီးခဲ့တဲ့နှစ် ၂၀၂၅ အောက်တိုဘာအတွင်းမှာ စစ်ကြောင်း သုံးကြောင်းနဲ့ စစ်ကူပို့ဖို့ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် KNLA ၊PDF ၊KNDO နဲ့ပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် စစ်တပ်ဟာ မြဝတီမြို့တောင်ဘက် မင်းလက်ပံနဲ့ဖလူးကျေးရွာအနီးမှာ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေက မြန်မာ-ထိုင်းနယ်စည်းမျဉ်းဘေးက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက် ခဲ့တာဖြစ်ပါတယ်။
KNU တပ်မဟာ(၆)နယ်မြေမှာ စစ်တပ်ရဲ့ နယ်စပ်တပ်စခန်းတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဆက်တိုက်သိမ်းပိုက်လျက်ရှိရာ ၂၀၂၅ မေလ ၂၃ရက်နောက်ပိုင်းမှာ ဘလက်ဒိုတပ်စခန်း၊ ကနဲလေးတပ်စခန်း၊ ရွှေအေးမြိုင်တပ်စခန်း၊ ဘုရင့်နောင်တပ်စခန်း၊ မော်ခီးတပ်စခန်း၊ သေ့ဘောဘိုးတပ်စခန်းနဲ့ ထိကပလယ်တပ်စခန်းတို့ကိုဆက်တိုက် သိမ်းပိုက်ခဲ့ပါတယ်။
တစ်ဖက်မှာ စစ်တပ်ကလည်း ၂၀၂၅ စက်တင်ဘာလမှ မြဝတီ-ကော့ကရိတ်လမ်းမကို ပြန်ထိန်းချုပ်နိုင်ခဲ့သလို သက်န်းညီနောင် ၊လေးကေ့ကော် မြို့သစ်တို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါ့အပြင် မြဝတီမြို့အနီးက လက်ခက်တောင်အပါ
အဝင်စစ်ရေးအရ အရေးကြီးတဲ့တောင်ကုန်းတွေကိုပြန်ထိန်းချုပ်နိူင်ခဲ့ပါတယ်။
စစ်တပ်က ဝေါ်လေဗျူဟာကို ထိုးစစ်ဆင်ခံရချိန်မှာ စစ်ရေးပစ်မှတ်တွေအပြင် ဝေါလေ၊ ထီးသဲလယ်နဲ့ ဗျူဟာအနီးက အရပ်သားပစ်မှတ်တွေကိုပါ လေကြောင်း၊ လက်နက်ကြီး ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။
စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဝေါ်လေ ဒေသခံတချို့ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဝေါ်လေဗျုဟာအနီးက ထီးသဲလယ်ရွာက နေအိမ်အများအပြား ပျက်စီးခဲ့ရတဲ့အပြင် ၊ အဲဒီ ဗျုဟာဝန်းကျင်က ထီးညလိ(ရွှေဖရုံသီး)ဘုန်းကြီးကျောင်းလည်း ပျက်စီးခဲ့ရတာတွေ ရှိပါတယ်။


















































