ဧပြီ-၁၀၊၂၀၂၆။သတိုး၊ဟာနာဆန်/People’s Spring
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အမြဲတိုက်ပွဲဝင်ခဲ့တဲ့ ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂)နှစ်ပြည့်အထိမ်းအမှတ် Blue Shirt Campaign မှာ ပါဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
“ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်ခြင်း (၁၂)နှစ်ပြည့်သည့် နေ့တွင် သမ္မတကြီး ဦးဝင်းမြင့်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးနှင့် အရေးတော်ပုံ အောင်နိုင်ရေးအတွက် ယနေ့ ဧပြီလ (၁၀)ရက်နေ့မှ (၂၁)ရက်နေ့အထိ (၁၂)ရက်တာ Blue Shirt Campaign လူထုလှုပ်ရှားမှုကို တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုများမှအွန်လိုင်းနှင့် မြေပြင်များတွင် ပြုလုပ်သွားမည် ဖြစ်ပါသည်။” လို့ တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးက ပြည်သူတစ်ရပ်လုံးလွတ်မြောက်ရေးနဲ့ စစ်အာဏာရှင်ကျဆုံးရေးအတွက် အရေးပါတာကြောင့် ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

Public Service Announcement
ဒီကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဆယ်ရက်တာအတွင်းမှာ အပြာရောင်အဝတ်အစားဝတ်ထားတဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေကို လူမှူကွန်ရက်မှာ Campaign Hashtag တွေနဲ့အတူမျှဝေတာ ၊ မိတ်ဆွေတွေကို ကမ်ပိန်းမှာပါဝင်ဖို့ ဖိတ်ခေါ်တာတွေလုပ်ပေးဖို့တောင်းဆိုထားပါတယ်။
ဒီကမ်ပိန်းကို တော်လှန်ရေးအင်အားအစုအဖွဲ့ပေါင်း ၃၀ က ပူးပေါင်းလုပ်ဆောင်တာဖြစ်ပါတယ်။
ဒီကမ်ပိန်းကို ဟံသာဝတီဦးဝင်းတင်ကွယ်လွန်တဲ့ နှစ်ပတ်လည်တိုင်းမှာ ပြုလုပ်လာတာပါ။
ဟံသာဝတီဦးဝင်းတင်က သူ့ရဲ့နိုင်ငံရေးယုံကြည်ချက်ကြောင့် သက်တမ်းတစ်လျှောက် အကျဉ်းထောင်ထဲမှာ နှစ်နှစ်ဆယ်လောက်ဖြတ်သန်းခဲ့ရပြီး ပြန်လည်လွတ်မြောက်လာချိန်မှာလည်း ထောင်တွင်းဝတ်စုံ ကို ဝတ်ဆင်နေထိုင်ခဲ့သူပါ။
“တိုင်းပြည်အပေါ် စစ်အာဏာရှင်တွေရဲ့ ကျေးဇူး မူးလို့တောင်ရှုစရာမရှိဘူး” လို့ ဟံသာဝတီဦးဝင်းတင်က ပြောခဲ့ပါတယ်။


















































