(၅)နှစ်အတွင်း အမှားတွေသင်ခန်းစာယူပြီး ပိုထိရောက်တဲ့တော်လှန်ရေး ဖြစ်အောင်ကြိုးစားမယ် လို့ အသိပေး
ဧပြီ-၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖွဲ့စည်းမှု (၅)နှစ်တာ အချိန်ကာလမှာ အောင်မြင်သော တော်လှန်ရေးဖြစ်ရပ်တွေကို ဖန်တီးနိုင်ခဲ့သလို၊ အောင်မြင်ဖို့ ကြိုးစားနေဆဲ အခြေအနေတွေကိုလည်း ဖြတ်သန်းနေရကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပြီး အမှားတွေ သင်ခန်းစာယူကာ ပိုထိရောက်တဲ့ တော်လှန်ရေးဖြစ်အောင် ကြိုးစားသွားမှာ ဖြစ်သလို ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ်မြောက်ရေးဟာ တော်လှန်ရေးရဲ့ အဓိက တာဝန်ဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။
ဒီကနေ့ ဧပြီ ၁၆ရက်မှာ ကျရောက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၅)နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ ယာယီသမ္မတ ဒူဝါလရှီးလက အခုလို ပြောကြားခဲ့တာပါ။

Public Service Announcement
NUGအနေနဲ့ (၅)နှစ်တာ တော်လှန်ရေးကို ဦးဆောင်လာခဲ့ရာမှာ ခေါင်းဆောင်များဖြစ်ကြတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် နဲ့တကွ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးရဲ့ အခြေအနေကို မေ့လျော့ခြင်းမရှိဟုလည်း ပြောပါတယ်။
“ စစ်အုပ်စုဟာ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေကို မတရားပုဒ်မတွေတပ်ပြီး ချုပ်နှောင် ထားနိုင်ပေမဲ့ သူတို့ရဲ့ စိတ်ဓာတ်နဲ့ ပြည်သူ့အပေါ်ထားတဲ့ မေတ္တာတွေကိုတော့ ဘယ်တော့မှ ပိတ်လှောင်ထားနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီးများနဲ့တကွ နွေဦးတော်လှန် ရေးအတွင်း မတရားဖမ်းဆီးခံထားရသူအားလုံးကို ‘ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့’ ပြတ်ပြတ်သားသား တောင်းဆိုပါတယ်။သူတို့အားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်လာရေး ဟာ ကျွန်တော်တို့ တော်လှန်ရေးရဲ့ အဓိကတာဝန်တစ်ခုဖြစ်သလို၊ သူတို့ရဲ့ အနစ်နာခံမှုတွေ ဟာလည်း ကျွန်တော်တို့အတွက် အားမလျော့တမ်း ရှေ့ဆက်ဖို့ ခွန်အားတွေပဲဖြစ်ပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။
အစိုးရ ဖွဲ့စည်းမှု (၅)နှစ်တာ အချိန်ကာလမှာ အောင်မြင်သော တော်လှန်ရေးဖြစ်ရပ်တွေကို ဖန်တီးနိုင်ခဲ့သလို တဖက်မှာလည်းခရီးဆုံးပန်းတိုင်အထိရောက်အောင် လျှောက်လှမ်းရင်း၊ စိန်ခေါ်ချက် အမျိုးမျိုးနဲ့လည်း ကြုံတွေ့နေရဟု ပြည်သူတွေကို အသိပေးပါတယ်။
” အထူးသဖြင့် ကျွန်တော်တို့နိုင်ငံရဲ့ ပထဝီနိုင်ငံရေးအကျပ်အတည်းနဲ့ သမိုင်းဆိုင်ရာ နာကျည်းချက်တွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ရပါတယ်။ လက်ရှိအချိန်မှာလည်း ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေရဲ့ သက်ရောက်မှု ကြောင့်၊ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်တွင်းရေး အခြေအနေကိုလည်း ရိုက်ခတ်နေတာတွေ အမြောက်အမြား ရှိနေပါတယ်။ တော်လှန်ရေးရည်မှန်းချက်များ အမြန်ဆုံး အောင်မြင်နိုင်ဖို့ ကျွန်ုတော်တို့ အစွမ်းကုန် ကြိုးစားနေ ကြပေမဲ့ ခက်ခဲတဲ့စိန်ခေါ်မှုတွေ အကန့်အသတ်တွေ များစွာ ရှိနေဆဲဖြစ်ပါတယ်။” လို့ ယာယီသမ္မတက ပြောပါတယ်။
ဒါဟာ စစ်အုပ်စုက ဆယ်စုနှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ သွေးခွဲအုပ်ချုပ်မှုယန္တရား၊ တိုင်းပြည်ရဲ့ အရင်းအမြစ်နဲ့ ငွေကြေး၊ အာဏာကိုသုံးပြီး အမှားကို အမှန်လုပ်ခဲ့တဲ့ အမြစ်တွယ်နေတဲ့ စနစ်ဆိုးတွေကြောင့်လည်း ဖြစ်တယ်လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့၊ တော်လှန်ရေးအောင်မြင်မှုတွေကို ရရှိခဲ့သလို၊ ပြန်လည် လက်လွှတ်ခဲ့ရတဲ့ ဆုံးရှုံးမှုတွေ လည်း ရှိခဲ့တာကို ပွင့်လင်းစွာ ဝန်ခံလိုကြောင်း ယာယီသမ္မတက ပြောပါတယ်။
” တော်လှန်ရေးသမိုင်း အဆက်ဆက် မကြုံခဲ့ဖူးတဲ့ အောင်မြင်မှု ခြေလှမ်း တွေကို တက်လှမ်းနိုင်ခဲ့သလို၊ ကျွန်တော်တို့ရဲ့ အားနည်းချက်ကြောင့်၊ လက်လွှတ်ခဲ့ရတဲ့ မအောင်မြင်မှုတွေလည်း ရှိခဲ့တာကို ဝန်ခံချင်ပါတယ်။ အထူးသဖြင့် အတွေ့အကြုံရင့်ကျက်မှု အားနည်းသေးတဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ၊ ကျွန်တော်တို့အတွက် သင်ခန်းစာ အများအပြား ကို သင်ယူခွင့်ရခဲ့တာတွေ ရှိပါတယ်။ ကျွန်တော်တို့မှာ အရင်းအမြစ် အကန့်အသတ်ရှိသလို၊ လှုပ်ရှားနိုင်မှု (ဂွင်) အကန့်အသတ်တွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ တော်လှန်ရေး ခရီးမှာ၊ ပြန်လည်လက်လွှတ် လိုက်ရတဲ့ ဆုံးရှုံးမှုတွေ ရှိသလို၊ လက်ရှိ အချိန်အထိ ကျော်လွှားဖို့ ခက်ခဲနေသေးတဲ့ အရာတွေလည်း အများအပြား ရှိနေကြောင်း ပြည်သူလူထုကို ရိုးသားစွာ တင်ပြလိုပါတယ်” လို့ ယာယီသမ္မတက ပြောကြားပါတယ်။
အမှားတွေကို သင်ခန်းစာယူပြီး တနေ့ထက် တနေ့ ပိုထိရောက်တဲ့ တော်လှန်ရေးလျှောက်လှမ်းဖြစ်အောင် ကြိုးစားနေမယ်လို့လည်း ယာယီသမ္မတက လူထုကို အသိပေးပြောကြားပါတယ်။
” တော်လှန်ရေးအောင်မြင်ဖို့အတွက် အဓိက သော့ချက်ဟာ တော်လှန်ရေးအင်အားစုများအကြား “ ညီညွတ်မှု” ဖြစ်ပါတယ်။ ညီညွတ်မှုဟာ တော်လှန်ရေးအင်အားစုတွေကြားမှာရော၊ ပြည်သူလူထု ကြားမှာပါ အဓိကအရေးကြီးပါတယ်။ ကျွန်တော်တို့အကြား အချင်းချင်း အပြစ်တင် ကဲ့ရဲ့တာ တွေကို ရှောင်ကြဉ်ပြီး လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အာရုံစိုက်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တော်လှန်ရေးအရှိန်ကို ပျက်ပြားအောင် လှုံ့ဆော်နေသူ တွေကို သတိပြုပြီး တော်လှန်ရေးကို အထောက်အကူပြုမယ့် ဝေဖန်အကြံပြုချက်တွေကိုသာ ဝန်းရံကြဖို့ မေတ္တာရပ်ခံပါတယ်” လို့ ယာယီသမ္မတက ပြောကြားပါတယ်။
ရင်ဆိုင်နေရတဲ့ ရန်သူဟာ ဆယ်စုနှစ်များစွာ တိုင်းပြည်ရဲ့ အရင်းအမြစ်များနဲ့ သူတို့ လူတစုစာအတွက် အာဏာနဲ့ ငွေကြေးအပေါ် အခြေခံပြီး စစ်တပ် ယန္တရား တစ်ခုလုံးကို တည်ဆောက်ထားတဲ့ မိစ္ဆာကြီးတွေဖြစ်ကြောင်း ပြောပါတယ်။
” ဒီမိစ္ဆာကြီးများကို ရင်ဆိုင်ဖို့ ကျွန်တော် အယောက်ဆီတိုင်း ညီညွတ်ရမှာဖြစ်သလို တော်လှန်ရေးအတွက် ဆိုးကျိုးဖြစ်စေမည့်အရာများကို အထူးရှောင်ကြည်ကြဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ပြည်သူတွေဟာ အာဏာရှင်စနစ်ရဲ့ ဆိုးရွားတဲ့ ဒဏ်ကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ပြီးဖြစ်သလို နေ့စဥ်နှင့်အမျှ ဒီစနစ်ရဲ့ ဆိုးရွားမှုကို ဖြတ်ကျော် နေကြရပါတယ်။ ဒီအရာတွေကို ဖြတ်ကျော်ပြီး အေးချမ်းပြီး လွတ်လပ်တဲ့ နိုင်ငံနှင့် လူ့အဖွဲ့အစည်း ကို ထူထောင်ဖို့ ကျွန်တော်တို့အကြား ညီညွတ်ရမှာဖြစ်ပါတယ်” လို့ ယာယီသမ္မတက ပြောကြားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေးအင်အားစုများအကြား ညီညွတ်မှုနဲ့ လက်တွဲ ပူးပေါင်းရေးကို မြင့်တင်နိုင်ဖို့ အားမလျော့ဘဲ ညီညွတ်ရေးအတွက် အစွမ်းကုန်ကြိုးပမ်း တည်ဆောက်ခဲ့ရာ မတ်လ ၃၀ရက်မှာ “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းနိုင်ခဲ့ ကြောင်း အသိပေးပါတယ်။
” ဒါဟာ နွေဦးတော်လှန်ရေးအတွင်းမှာ ထွက်ပေါ်လာတဲ့ တော်လှန်သောညီညွတ်ရေး အင်အားစုဆိုတဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။ တော်လှန်ရေးမှာ ညီညွတ်ရေးဟာ အဓိက ကျပါတယ်။ SCEF ဖွဲ့စည်းမှုဟာ တော်လှန်ရေးကို အရင်လို တစုတဖွဲ့တည်း တိုက်နေတာထက်၊ ညီညွတ်တဲ့ မဟာဗျူဟာတစ်ခုအောက်မှာ အရှိန်မြှင့်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ဒီကောင်စီမှာ KIO, KNU, KNPP (IEC), CNF, CRPH နဲ့ ကျွန်ုတော်တို့ NUG အစိုးရတို့ ကနဦးအနေဖြင့် ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ ဒါဟာ အစ စုဖွဲ့မှုသာဖြစ်ပြီး SCEF ထဲ မပါဝင်သေးတဲ့ တော်လှန်ရေးအင်အားစုတွေ ထပ်မံပြီး ပါဝင်လာအောင် ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်”လို့ ယာယီသမ္မတက ပြောကြားပါတယ်။
တော်လှန်ရေးအင်အားစုများအကြား သမိုင်းကြောင်းဆိုင်ရာ မယုံကြည်မှုတွေ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် ညီညွတ်ရေးမှာ အတားအဆီးတွေ ရှိနေဆဲဖြစ်ပေမဲ့ အားလုံးရဲ့ တူညီတဲ့ ရည်မှန်းချက်ဟာ “ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး” လို့ ပြောပါတယ်။
” အတားအဆီးအခက်အခဲတွေ ဘယ်လောက်ဘဲ များပါစေ တူညီတဲ့ ရည်မှန်းချက်ပန်းတိုင် ကဘဲ ကျွန်ုတော်တို့ကို တစ်နေ့မှာ ပိုမိုခိုင်မာတဲ့ ညီညွတ်မှုဆီ ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။ဒီတော်လှန်ရေးခရီးမှာ “ ကျွန်ုပ်တို့မှာ ကျွန်ုပ်တို့ပဲ ရှိပါတယ်” ။ ပြည်သူလူထုရဲ့ အားကိုးရာဟာ ပြည်သူလူထုပါပဲ။ စစ်တပ်က လက်နက်နဲ့ ငွေကြေး သာလွန်ကောင်း သာလွန်နိုင်ပေမဲ့၊ ကျွန်ုပ်တို့မှာ သူတို့မရှိတဲ့ “ မှန်ကန်တဲ့ စိတ်ဓာတ်နဲ့ တရားမျှတမှု” ရှိပါတယ်။ ကျနော်တို့အားလုံး အတူလက်တွဲပြီး စစ်အာဏာရှင်စနစ် ကင်းစင်တဲ့၊ လွတ်လပ်ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းသစ်ဆီသို့ မရမနား ဆက်လက်ချီတက်သွားကြပါစို့” လို့ ယာယီသမ္မတက ပြောကြားပါတယ်။
နွေဦးတော်လှန်ရေးဟာ တော်လှန်ရေးအင်အားစုတွေကို သမိုင်းဝင်ညီညွတ်မှုတစ်ခု ပေးခဲ့ကြောင်းလည်း ပြောပါတယ်။
“စစ်တပ်ရဲ့ သွေးခွဲမှုကြောင့် ကျွန်တော်တို့လူ့အဖွဲ့အစည်းဟာ အစိပ်စိပ်အမွှာမွှာ ဖြစ်ခဲ့ရပေမဲ့၊ ဒီနေ့ “ နွေဦးတော်လှန်ရေး” မှာတော့ တိုင်းရင်းသားပြည်သူအားလုံးဟာ တစ်စိတ်တစ်ဝမ်းတည်း စုစည်းမိသွားကြပါပြီ။ ဒါဟာ မြန်မာ့သမိုင်းမှာ မကြုံစဖူးတဲ့ အောင်မြင်မှုဖြစ်ပြီး ဒီညီညွတ်မှုဟာ ကျွန်ုတော်တို့ရဲ့ အကြီးမားဆုံးသော ခွန်အားပဲ ဖြစ်ပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။
နွေဦး တော်လှန်ရေးအတွင်းမှာ၊ အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးတပ်ဦးကနေ မားမားမတ် မတ် ရပ်ခံပြီး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် ဖြောင့်ဖြောင့်မတ်မတ် ချီတက်နေကြောင်းလည်း အသိပေးပါတယ်။
” ဒီလို တော်လှန်ရေးခရီးတစ်လျှောက်လုံးမှာ၊ ပြည်သူလူထုရဲ့ အားပေးထောက်ခံ မှု၊ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ အပါအဝင် စစ်အာဏာရှင်စနစ်ကို ပုံစံအမျိုးမျိုးနဲ့ ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ နယ်ပယ်အသီးသီး/ ကဏ္ဍအသီးသီးက လူထု၊ လူတန်းစားတွေရဲ့ လုံ့လဝီရိယတွေ မြောက်မြားစွာ ထည့်ဝင် မြှုပ်နှံခဲ့ကြ ပါတယ်။ ဒီလိုမျိုး လူထုရဲ့ ရင်းနှီးပေးဆပ်မှုတွေ မရှိဘူးဆိုရင်၊ ကျွန်တော်တို့ဟာ ယနေ့ အချိန်မှာ မြင်တွေ့နေရတဲ့ တော်လှန်ရေး ခရီးပန်းတိုင်တွေကို ရောက်လာနိုင်စရာအကြောင်း မရှိဘူးဆိုတာ သတိချပ်စေချင်ပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးဘက်တော်သားအားလုံးကို ဒီနေရာကနေ အလေးအမြတ်ပြု ကျေးဇူးတင် ကြောင်း ပြောကြားလိုပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။
စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချုပ်ငြိမ်းရေး လုပ်ဆောင်ရာမှာ ပြည်တွင်းက တော်လှန်ရေးတွေ အပါအဝင် ပြည်ပက တော်လှန်ရေး လှုပ်ရှားမှုတွေကလည်း အကျိုးသက်ရောက်မှု ကြီးမားခဲ့တယ်လို့ ပြောပါတယ်။
အဝေးရောက် ပြည်သူလူထုအားလုံးရဲ့ ကာယကံမြောက် ပံ့ပိုးကူညီမှုတွေဟာ နွေဦးတော်လှန်ရေးရဲ့ အရွေ့တစ်ခုလုံးအတွက် အင်မတန် အကျိုးကျေးဇူး ကြီးမားခဲ့တာတွေ့ရကြောင်း ပြောကြားပါတယ်။
ဒါ့အပြင် လူထုသံတမန်ရေး နည်းလမ်းတွေနဲ့ နိုင်ငံတကာအစိုးရအသီးသီးကို ချိတ်ဆက်လုပ်ဆောင်နိုင်ခဲ့တာဟာ စစ်အာဏာရှင် တွေကို ပြင်းပြင်းထန်ထန် ဒဏ်ခတ်နိုင်တဲ့ အခြေအနေအထိ ရောက်ရှိခဲ့တာတွေ့ရကြောင်း လည်း ယာယီသမ္မတက ပြောပါတယ်။
“ပြည်တွင်းမှာ လှုပ်ရှားဆောင်ရွက်ဖို့ ခက်ခဲတာတွေကို၊ ပြည်ပကနေ ကူညီဆောင်ရွက်ပေးနိုင်တာ တွေ အများအပြား ရှိခဲ့တာတွေ့ရပါတယ်။ ဒါ့ကြောင့် နွေဦးတော်လှန်ရေးဟာ ပြည်တွင်းလှုပ်ရှားမှုနဲ့ ပြည်ပလှုပ်ရှားမှုကို ပူးပေါင်းနိုင်ပြီး၊ အချိန်တိုတို အတွင်းမှာ သက်ရောက်မှု ကျယ်ပြန့်အောင် လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေး မှာ ပြည်ပရောက် ပြည်သူလူထုအားလုံးရဲ့ အားထုတ်မှု စေတနာတွေကို လေးနက်စွာ ဂုဏ်ပြု ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။
နွေဦးတော်လှန်ရေးဟာ အကြမ်းမဖက် တော်လှန်ရေးနည်းလမ်းတွေ အပါအဝင် လူထုလက်နက်ကိုင် လမ်းစဉ်နဲ့ ပေါင်းစပ်ပြီး စစ်အာဏာရှင် တော်လှန်ရေးကို ချီတက်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီနေရာမှာ နိုင်ငံရေးနည်းအရ အကူအညီအပံ့အပိုး တွေအပြင်၊ စစ်ရေးနည်းအရ အကူအညီတွေ အများအပြား လိုအပ်ခဲ့ပါတယ်။ အထူးသဖြင့် စစ်ရေးအရ လက်တွဲကူညီမှုတွေမှာ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းကြီး တွေရဲ့ အားပေးကူညီမှုတွေကို လက်တွေ့ကျကျ ရယူခဲ့ရပါတယ်။ လက်ရှိ အချိန်အထိ ပြည်သူ့ ကာကွယ်ရေးတပ်မတော်သားအားလုံးရဲ့ စစ်ရေးစွမ်းရည်တွေဟာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အားပေးကူညီမှုတွေကြောင့် အချိန်တိုအတွင်းမှာ တိုးတက်မှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်” လို့ ယာယီသမ္မတကပြောကြားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရနဲ့အတူ၊ တိုင်းရင်းသားမဟာမိတ် တွေရဲ့ ပူးပေါင်းပေါင်းဝင်မှုတွေဟာ အနာဂတ် ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ကောင်းတွေဖြစ်တယ်လို့ လေးနက်စွာ မှတ်တမ်းတင်ကြောင်းလည်း ယာယီသမ္မတကပြောကြားပါတယ်။
ပြည်သူ့တော်လှန်ရေးရဲ့ အရှိန်အဟုန် ကြီးမားမှုကြောင့်၊ အာဏာသိမ်းစစ်တပ်ထဲမှာ၊ အမြင်မှန် ရလာ ကြတဲ့ ပြည်သူ့တပ်မတော်သားတွေ အများအပြား ရှိနေသလို တစ်ဖက်မှာလည်း စစ်အာဏာရှင် စနစ်ရဲ့ အမြစ်တွယ်မှုကို မဖယ်ရှားနိုင်သေးတာကြောင့်၊ ပြည်သူ့ဘက်ကို ရုန်းမထွက်နိုင်သေးတဲ့ စစ်ဗိုလ် စစ်သားတွေ အများအပြား ရှိနေကြောင်း ယာယီသမ္မတက ပြောပါတယ်။
“ပြည်သူလူထုကနေ တစ်ဆင့်၊ အကြမ်းဖက် စစ်တပ်အတွင်းက စစ်သည် စစ်သားတွေကို သတင်းစကား တချို့ ပါးလိုပါတယ်။ အဲဒါကတော့ ပြည်သူကို အလုပ်အကျွေးပြုရမယ့် တပ်မတော်ဟာ ပြည်သူ့ဆန္ဒကို လျစ်လျှူမရှုသင့်ဘူးဆိုတာ သတိချပ်စေချင်ပါတယ်။ လက်ရှိ မြန်မာ့တပ်မတော်ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို ဖျက်လို ဖျက်ဆီးလုပ်နေတဲ့ အဓိက တရားခံဘဝကို ရောက်နေ ပါတယ်။ ဒါ့ကြောင့် အကြမ်းဖက် စစ်တပ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိနေတာဖြစ်ကြောင်း သတိချပ်စေလို ပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။
ဒါ့ကြောင့် အကြမ်းဖက်စစ်တပ်ဆိုတဲ့ နိမ့်ကျ ဆိုးဝါးသော အခြေအနေကနေ အမြန်ဆုံး ရုန်းထွက်ပြီး၊ ပြည်သူချစ်သော မြန်မာ့တပ်မတော် အဖြစ် ပြန်လည် အဖက်ဆယ်ကြဖို့လည်း ယာယီသမ္မတက တိုက်တွန်းပါတယ်။
” စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးမှာ၊ ပြည်သူ့လူထုရဲ့ အခန်းကဏ္ဍက အင်မတန် အရေးကြီးသလို၊ လက်နက်ကိုင်စစ်တပ်အတွင်းက ပြည်သူ့တပ်မတော် သားစိတ်ဓာတ် ပြည့်ဝသူတွေရဲ့ အခန်းကဏ္ဍကလည်း အလွန်အရေးကြီးကြောင်း ပြောကြားလိုပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။



















































