ဧပြီ-၂၁၊၂၀၂၆။ရှိန်း/People’s Spring
မန္တလေးတိုင်း၊တောင်သာမြို့နယ်ကိုစစ်တပ်က ၄ ရက်ဆက် လေကြောင်းတိုက်ခိုက်ခဲ့လို့ အနည်းဆုံး ပြည်သူ ၃ဦး သေဆုံးပြီး နေအိမ်တွေပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၁၈ ရက်က တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကို ည ၇နာရီခွဲမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုမှာအသက်(၅၀) ဝန်းကျင်အမျိုးသား တစ်ဦး၊အသက်(၄၀) ဝန်းကျင်အမျိုးသမီးနဲ့ (၇)နှစ်အရွယ် ကလေးငယ်တစ်ဦး မိသားစုဝင် ၃ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
ဧပြီ ၁၉ ရက်မှာ ဆယ်ကုန်းရွာကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲခဲ့သလို ဧပြီ၂၀ ရက် မနက်ပိုင်းမှာလည်း တမံကြီးရွာ၊ရုံးစဉ်ကြီးနဲ့သံဘိုရွာကြားတို့ကို Paramoter (စက်တပ် လေထီး)နဲ့ ဗုံးကြဲခဲ့သလို ဒီနေ့လည်း ဇဂျမ်းရွာကို စစ်တပ်က Paramoter နဲ့ထပ်မံဗုံးကြဲကာ စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
“ဆိုင်ကယ် မောင်းနေတဲ့ လမ်းပေါ်က လူတွေကိုပါ စက်သေနတ်နဲ့ လိုက်ပစ်တယ် ပြောတယ်။လူတွေ တော့မထိဘူးလို့ သိရတယ်။ဒီလေကြောင်းလုပ်ခံရတဲ့ရွာတချို့မှာ စစ်တပ် ဂိတ်ထိုင်ထားတာ တွေလည်းရှိတော့ အတိကျ တော့မသိရဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တောင်သာမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ခြင်းမရှိဘဲ စစ်တပ်က လေကြောင်းတိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဧပြီ၄ရက်ကတည်းက စစ်တပ်က တောင်သာမြို့နယ်ကို စစ်ကြောင်းထိုး စီးနင်းကာ ကျေးရွာ တွေကို မီးရှို့ဖျက်ဆီး ခဲ့ပြီး ယခုလအတွင်း ပြည်သူ ၁၂ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ ကျေးရွာ၄ရွာ မီးလောင်ပျက်ဆီးခဲ့ပါတယ်။


















































