ဧပြီ-၂၁၊၂၀၂၆။တေဇ/People’s Spring
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က အစိုးရရဲ့ ရက် ၁၀၀ဆောင်ရွက်မှုအတွင်း EAO တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့နဲ့ PDFတွေ အလင်းဝင်ရောက်လာဖို့ ဖိတ်ခေါ်မယ်လို့ ပြောတဲ့နေ့မှာဘဲ စစ်တပ်ရဲ့ အဓမ္မစစ်မှုထမ်းစေခိုင်းခံရတဲ့တပ်သားသစ် ၇ဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉)ထံမှာ လက်နက်ချ အလင်းဝင်လာပါတယ်။
ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ် တုံးတံတားမှာ တာဝန် ကျနေတဲ့ စစ်တပ်ရဲ့ခမရ(၃၅၁)တပ်ရင်းကတပ်သား ၇ဦးဟာ ဧပြီ ၂၀ရက်မှာ KNLAတပ်ရင်း(၉)ဆီမှာ လက်နက်ချအလင်းဝင်ခဲ့တာလို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ဓာတ်ပုံမှတ်တမ်းနဲ့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံတော်အာဏာသိမ်းပြီး ၅နှစ်အကြာမှာ သမ္မတအဖြစ် ပြောင်းလဲလိုက်တဲ့ စစ်ခေါင်းဆောင်ဟာ ဧပြီ ၂၀ရက်က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ သူ့ရဲ့ ရက် ၁၀၀ ဆောင်ရွက်မှုတွေလုပ်မှာကို ပြောတာ ဖြစ်ပါတယ်။ အဲဒီထဲက EAO တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့နဲ့ PDFတွေကို တရားဥပဒေအတွင်း ဝင်ရောက်လာဖို့ ဖိတ်ခေါ်မယ်လို့ ပြောဆိုတာ ဖြစ်ပါတယ်။

Public Service Announcement
စစ်ခေါင်းဆောင် အစည်းအဝေးလုပ်ပြောတဲ့နေ့မှာဘဲ စစ်တပ်က တပ်သားသစ် ၇ဦးဟာ KNLAထံ အလင်းဝင်လာတာ ဖြစ်ပါတယ်။
” အလင်းဝင်ဘက်ပြောင်းခိုလှုံလာသော ပြည်သူ့စစ်မှုထမ်း တပ်သားများသည် မိမိတို့၏ ဆန္ဒမပါပဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရကာ ရှေ့တန်းနယ်မြေများသို့ ပို့ဆောင်ခံရသော တပ်သားများဖြစ် သည်။”လို့ KNUကဆိုပါတယ်။
အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားသစ်တွေက အသက်(၂၇) နှစ်ကနေ (၄၂)နှစ်အထိပါဝင်တာကို တွေ့ရပါတယ်။
ထုတ်ပြန်ထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရတော့ လက်နက်တွေ ပါဝင်တာ မတွေ့ရပါဘူး။
ကိုယ့်ရဲ့စိတ်ဆန္ဒမပါပဲ စစ်တပ်ရဲ့အဓမ္မစစ်မှုထမ်းစေခိုင်းခံတဲ့ တပ်သားတွေအနေနဲ့ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ အလင်းဝင်ကြဖို့ KNUက တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ဧပြီ ၂၀ရက်မှာဘဲ စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းက သစ်ဆိမ့်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းက တပ်သား ၄ဦးဟာ PDF တွေထံအလင်းဝင်ရောက်လာတယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။
ဧပြီ ၂၀ ရက် မနေ့ကနေ့လည်ပိုင်းမှာ စစ်တပ်စစ်ကြောင်းက တပ်သား ၄ဦးဟာ လက်နက်မဲ့အလင်းဝင် ရောက်လာတာလို့ သိရပါတယ်။


















































