Connect with us

Hi, what are you looking for?

သတင်း

မုံရွာသင်္ကြန်အတက်နေ့ လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၂၁ဦးအထိရှိလာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာကျေးရွာမှာ သင်္ကြန်အတက်နေ့က စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၁ဦးအထိ ရှိလာကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ထန်းဇလုပ်ချောင်းအနီး လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ် ဓာတ်ပုံ - CJ

ဧပြီ-၂၁၊ ၂၀၂၆ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာကျေးရွာမှာ သင်္ကြန်အတက်နေ့က စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၁ဦးအထိ ရှိလာကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်(သင်္က်ြန်အတက်နေ့) နေ့လယ် ၂နာရီခွဲခန့်က မုံရွာမြို့နယ်၊ ကျောက္ကာကျေးရွာ၊ ထန်းဇလုပ်ချောင်းအနီးကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က တက်လာတဲ့ ဂျွိုင်ရိုကော်ပတာ ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာ ရသူတွေထဲက ဒဏ်ရာပြင်းထန်သူတွေ ထပ်တိုး သေဆုံးခဲ့တာကြောင့် သေဆုံးသူ အရေအတွက် ၂၁ ဦးအထိ ရှိလာကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူတွေထဲမှာ ကလေးငယ် ၃ဦး ပါဝင်တယ်လို့ သိရပါတယ်။

” အရာတော်ဘက်မှာ တိုက်ပွဲဖြစ်နေတော့ အဲ့ဘက် သွားတယ်ပဲ ထင်လိုက်တာ။ ဗုံးသီးချသံကြားမှ ထန်းဇလုပ်မှာ ချသွားတာလို့ သိရတာပဲ အဲ့မှာ ဘာမှ မရှိဘူး ဟိုအရင်က ဘုရားဖူးတွေ လာကြတော့ အဲ့နားက ဈေးဆိုင်လေးတွေနဲ့ အခြေချ နေထိုင်သူ တချို့ပဲ ရှိတာ “လို့ ဒေသခံတစ်ဦးရဲ့စကားကို ကိုးကားပြီး မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးပါတယ်။

မုံရွာမြို့နယ်အတွင်းက တော်လှန်ရေးဆေးရုံဟာ သင်္ကြန်ကာလမတိုင်မီက လေကြောင်းတိုက်ခိုက်ခံခဲ့ရတာကြောင့် ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘဲ မုံရွာပြည်သူ့ဆေးရုံကြီးကို ဆေးကုသမှုခံယူခဲ့စဥ် သေဆုံးခဲ့တာဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုမှာ ဆိုင်ကယ်ဝပ်ရှော့ဆိုင်အပါအဝင် နေအိမ် ၄လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

ဧပြီ ၁၄ ရက် (သင်္ကြန်အကျနေ့) ညနေပိုင်းကလည်း ဆားလင်းကြီးမြို့နယ်၊ ရင်မောင်တိုင်ကျေးရွာကို စစ်ကောင်စီတပ်က ပါရာမိုတာတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် (၄၀)ခန့်ရှိ ထန်းတက်လုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။

အလားတူ သင်္ကြန်အကျနေ့မှာပဲ စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်က ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ပြည်သူထိခိုက်မှုတွေ ရှိနေကြောင်း သတင်းရရှိပါတယ်။

စစ်တပ်က သင်္ကြန်ပွဲတော်ကို ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ စည်ကားအောင်ပြုလုပ်နေပေမဲ့ တော်လှန်ဒေသအသီးသီးက ကျေးရွာတွေမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းထိုးမီးရှို့တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ