Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီစျေးအမြင့်ဆုံး နိုင်ငံတွေမှာ မြန်မာက ထိပ်ဆုံးဖြစ်နေ

အီရန်စစ်ပွဲကြောင့် စက်သုံးဆီစျေးအမြင့်ဆုံး နိုင်ငံတွေထဲမှာ မြန်မာက ထိပ်ဆုံးဖြစ်နေပါတယ်။

ဧပြီ-၂၁၊၂၀၂၆။မိုမို/People’s Spring

အီရန်စစ်ပွဲကြောင့် စက်သုံးဆီစျေးအမြင့်ဆုံး နိုင်ငံတွေထဲမှာ မြန်မာက ထိပ်ဆုံးဖြစ်နေပါတယ်။

ဖေဖော်ဝါရီလနောက်ပိုင်း မြန်မာရဲ့ စက်သုံးဆီစျေးနှုန်းဟာ နှစ်ဆကျော်အထိ သိသိသာသာ မြင့်တက်သွားတယ်လို့ ကမ္ဘာတစ်ဝန်းက စက်သုံးဆီဈေးနှုန်းတွေ၊လျှပ်စစ်ခဈေးနှုန်းနဲ့ သဘာဝဓာတ်ငွေ့ဈေးနှုန်းတွေကို စုစည်းနေတဲ့ Global Petro Prices အဖွဲ့က ဆိုပါတယ်။

ရေနံထွက်ရှိရာနိုင်ငံတွေနဲ့ အရှေ့အလယ်ပိုင်းဒေသကနေ ကမ္ဘာ့ရေနံစီးဆင်းမှုရဲ့ ငါးပုံတစ်ပုံရှိတဲ့ ဟောမုဇ်ရေလက်ကြား ပိတ်ခံထားရတာတွေကြောင့် ကမ္ဘာ့နိုင်ငံ အများစုမှာ စက်သုံးဆီစျေးတက်တာနဲ့ အကြပ်အတည်းတွေ ရင်ဆိုင်နေရတယ်လို့လည်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံပေါင်း ၁၀၀ကျော်မှာ စက်သုံးဆီစျေး မြင့်တက်မှုတွေရှိနေဆဲ ဖြစ်ပြီး မြန်မာက ဓာတ်ဆီစျေးနှုန်းက ၁၀၁ ရာခိုင်နှုန်း(နှစ်ဆကျော်)နဲ့ ဒီဇယ်ဆီစျေးနှုန်း ၁၆၁ ဒသမ ၄ ရာခိုင်နှုန်း(နှစ်ဆခွဲ ကျော်)မြင့်တက်နေတာလို့ မနေ့က(ဧပြီ ၂၀ ရက်)က ဖော်ပြပါတယ်။

“ကုန်စည်နဲ့နှိုင်းပြောရရင် မြန်မာက End User သဘောမျိုးပဲ။ရေနံစိမ်းကနေ စက်သုံးဆီကို တိုက်ရိုက်မပြောင်းနိုင်ဘူး။ အဲဒီတော့ ရေနံစိမ်းကို အရင် ဝယ်တယ်။ပြီးရင် ဓာတ်ဆီ၊ဒီဇယ် အဖြစ်ပြောင်းနိုင်ဖို့ မလေးရှားနဲ့ စင်ကာပူမှာ ချက်ရတယ်။အဆင့်ဆင့်ဝန်ဆောင်မှုကုန်ကျစရိတ်ပိုတိုးတာပေါ့။နောက်တခုက ပွင့်လင်းမြင်သာတဲ့ စက်သုံးဆီ စျေးကွက်မရှိဘဲ အာဏာပိုင်ရဲ့ ထိန်းချုပ်ခံထားရတာကြောင့်လည်းပါတယ်”လို့ ရန်ကုန်မြို့ခံစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စက်သုံးဆီစျေးအမြင့်ဆုံးဖြစ်နေတဲ့ စာရင်းအရ ဖိလစ်ပိုင် နိုင်ငံက ဒုတိယအဆင့်မှာရှိနေပြီး တစ်ဆခွဲ ကနေ နှစ်ဆကျော် စျေးတက်နေတာလို့ သိရပါတယ်။

ရေနံစိမ်းကနေ စက်သုံးဆီချက်လုပ်နိုင်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဓာတ်ဆီ၊ ဒီဇယ်စျေးက ၃၀ နဲ့ ၄၀ ရာခိုင်နှုန်းစျေးတက်နေတယ်လို့ Global Petro Pricesက ဖော်ပြပါတယ်။

ဒီကနေ့(ဧပြီ ၂၁ရက်) စက်သုံးဆီရည်ညွှန်းစျေး ရန်ကုန်လက်ကားစျေးကွက်အရ ဓာတ်ဆီအမျိုးအစား 92 တစ်လီတာ ၄,၇၃၅ ကျပ်၊ 95 တစ်လီတာ ၄,၉၄၅ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၆, ၄၈၅ကျပ်နဲ့ ပရီမီယံဒီဇယ် ၇,၇၅၅ကျပ် ဖြစ်ပါတယ်။

အီရန်စစ်ပွဲမဖြစ်ခင် ဖေဖော်ဝါရီ ၂၇ ရက်က စျေးနှုန်းနဲ့ယှဉ်ရင် ပြည်တွင်းစက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၂,၅၀၀ ကနေ ကျပ်၅,၀၀၀ နီးပါးအထိ ဈေးတွေမြင့်တက်လာခဲ့တာပါ။

ဒါ့အပြင် စက်သုံးဆီခွဲဝေမှုကို ထိန်းချုပ်ထားတာကြောင့် မန္တလေးအပါအဝင် နယ်မြို့တွေ မှာ ပြင်ပစက်သုံးဆီစျေးကွက်ကနေ တစ်လီတာကို ကျပ်တစ်သောင်းကျော် ပေးဝယ်ယူနေရတာတွေ ရှိပါတယ်။

ဆက်စပ်သတင်းများ