ဧပြီ-၂၁၊၂၀၂၆။People’s Spring
မြန်မာဖက်ခြမ်းမှာတိုက်ပွဲတွေငြိမ်သက်လာတဲ့နောက် ထိုင်းအာဏာပိုင်တွေကဆင်ခွန်း-မောတောင်နယ်စပ်ဂိတ်မှာထားရှိခဲ့တဲ့ယာယီ ကန့်သတ်ချက်တွေကို ဖယ်ရှားပေးလိုက်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ပရာကျွတ်ခီရီခန် ပြည်နယ်ထဲမှာ ပါဝင်တဲ့ ဆင်ခွန်း နယ်ခြားဂိတ်ဟာ မြန်မာဘက်ခြမ်း၊ တနင်္သာရီတိုင်းဒေသကြီး၊တနင်္သာရီ မြို့နယ်ရဲ့ မောတောင်မြို့နားမှာ တည်ရှိပါတယ်။မောတောင်တဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေခဲ့ချိန်တုန်းက ထိုင်းအစိုးရက နယ်ခြားဂိတ်ရဲ့ ပုံမှန်ဖြတ်သန်း ကုန်သွယ်ခွင့်တွေကိုယာယီတင်းကျပ်ထားခဲ့ပါတယ်။
အခုအခါမှာတော့ ခီရီခန် ပြည်နယ် အုပ်ချုပ်ရေးမှူး ဆစ်သီချိုင် ဆာဝတ်ဆန်က မောတောင်ဖက်မှာ တိုက်ပွဲတွေ ရပ်တန့်သွားပြီ ဖြစ်ခြင်းကြောင့် နယ်စပ် ကုန်သွယ်ရေးဂိတ်မှာ ယာယီ သတ်မှတ်ထားတဲ့ ကန့်သတ်မှုတွေကို ဖယ်ရှားမယ့် အမိန့်ကို လက်မှတ်ရေးထိုး အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

Public Service Announcement
မောတောင်မြို့နဲ့ မောတောင်နယ်စပ်ဂိတ်ကို ၂၀၂၅ နိုဝင်ဘာလမှာ KNU/KNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ် ။
ပြည်နယ်ရဲ့ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ ကုန်သည်တွေက အလေးအနက် တိုက်တွန်းခဲ့တာကြောင့် အခုလို ဖြေလျှော့ပေးခဲ့တာ ဖြစ်တယ်လို့ ဆစ်သီချိုင်က ဆိုပါတယ်။ အစောပိုင်းတုန်းက အင်္ဂါ နဲ့ စနေနေ့တွေမှာ မနက် ၈ နာရီကနေ မွန်းတည့်ချိန် အထိသာ ဂိတ်ကို ယာယီ ဖွင့်ပေးခဲ့သလို ကုန်စည် သယ်ဆောင်မှုတွေကိုလည်းကန့်သတ်ထားခဲ့ပါတယ်။ အကျိုးဆက်အဖြစ် ပုံမှန် နယ်စပ်ကုန်သွယ်ရေးမှာ ကြီးမားတဲ့ အနှောင့်အယှက်တွေ ကြုံခဲ့ရပါတယ်။
အခု ဖြေလျှော့မှုအရ ဆင်ခွန်း-မောတောင်နယ်စပ်ကုန်သွယ်ရေးဂိတ်မှာ ကုန်သွယ်ရေး၊ သွင်းကုန်၊ ပို့ကုန် လုပ်ငန်းတွေကို နေ့စဉ် မနက် ၆ နာရီကနေ ညနေ ၆ နာရီထိ ခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကုန်စည်စီးဆင်းမှုတွေကို စီမံခန့်ခွဲရ လွယ်ကူစေဖို့အတွက် ကုန်သည်တွေဟာ သယ်ယူမယ့် ကုန်စည်တွေနဲ့ အသုံးပြုမယ့် ယာဉ်အကြောင်းကို အာဏာပိုင်တွေဆီ အနည်းဆုံး တစ်ရက်ကြိုပြီး အသေးစိတ် တင်ပြရမယ်လို့လည်း သိရပါတယ်။
နယ်စပ်ဂိတ် ပြန်ဖွင့်တာဟာ ထိုင်း-မြန်မာ နယ်စပ်စီးပွားရေး တည်ငြိမ်စေမှုအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ခုဖြစ်ပြီး စီးပွားရေးဆိုင်ရာ ယုံကြည်မှုတွေလည်း ပြန်လည် တည်ဆောက်လာနိုင်မယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
၂၀၂၀ ပြည့်နှစ်ကစလို့လုံခြုံရေးပြဿနာ၊ကပ်ရောဂါကိစ္စနဲ့ နိုင်ငံရေးအကျပ်အတည်းစတဲ့အကြောင်းရင်း အမျိုးမျိုးကြောင့် ဆင်ခွန်းဂိတ်ဟာ ပိတ်လိုက်ဖွင့်လိုက် ဖြစ်နေခဲ့ပါတယ်။
ကိုးကား- Bangkok Post



















































