ဧပြီ ၂၂၊ ၂၀၂၆။ဇေအောင်/People’s Spring
မုံရွာမြို့မှာ အမှိုက်ကားနဲ့ သစ်ခိုးသယ်တဲ့ စည်ပင်ဝန်ထမ်းတချို့ ဖမ်းဆီးခံလိုက်ရတယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
ဧပြီ ၂၀ရက်က မုံရွာစည်ပင်ပိုင် အမှိုက်ကားပေါ်မှာ အမှိုက်တွေအစား သစ်တွေအပြည့်တင်ပြီး မောင်းလာတာကို အလုံ-မင်းဒေါင့် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတာဖြစ်ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
ကားမောင်းသူက စည်ပင်ဝန်ထမ်း ဦးရဲကျော် ဖြစ်ပြီး အဲဒီသစ်တွေကို အလုံဘက်ကနေ သယ်လာတာဖြစ်ကြောင်း၊ အခြား စည်ပင်ဝန်ထမ်းဖြစ်တဲ့ ဦးဇော်ဝင်းအောင် ပိုင်တဲ့ “ရှင်းသန့်” ပရိဘောဂဆိုင် ပို့ဆောင်ဖို့လို့ သိရကြောင်း အထက်ပါအဖွဲ့က ပြောပါတယ်။

Public Service Announcement
“စကစက အချင်းချင်းမကျေနပ် အဝေမတည့်လို့ တိုင်ကြားခံရတာ ဖြစ်ပါလိမ့်မယ်။ စခတွေနဲ့ စည်ပင် ဆိုတာ မသိစရာမှ မရှိတာ”လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါပရိဘောဂဆိုင်ကလည်း တိုင်းစည်ပင်ဌာန ညွှန်ကြားရေးမှူးနဲ့ပါ ဆက်စပ်မှုရှိနေတယ်လို့ ဒေသခံအချို့က ပြောဆိုနေကြပါတယ်။
ဖမ်းဆီးခံရတဲ့ ဝန်ထမ်းအရေအတွက်နဲ့ ဘယ်လိုဆက်လက်စစ်ဆေးနေတယ်ဆိုတာတော့ မသိရသေးပါဘူး။


















































