Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဥ်းအားလုံးလွတ်မြောက်ရေး အမေရိကန်နဲ့ အီးယူ တောင်းဆို

မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးဖြစ်စဉ်ကိုလည်း ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ အ​မေရိကန်ဆို

ဥ​ရောပသမဂ္ဂရဲ့ထုတ်ပြန်ချက်

ဧပြီ-၂၂၊ ၂၀၂၆။ People’s Spring

အမေရိကန်ပြည်ထောင်စုက နိုင်ငံရေးအကျဥ်းသားအားလုံးလွတ်မြောက်ရေးအတွက် ဆက်လက်တိုက်တွန်းသွားမှာဖြစ်သလို ဥရောပသမဂ္ဂ(အီးယူ)ကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးခြွင်းချက်မရှိ လွှတ်ပေးဖို့ ဆက်လက် တောင်းဆိုလိုက်ပါတယ်။

မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ဦးဝင်းမြင့်နဲ့ မရှင်ဒေဝီတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာတဲ့ သတင်းများကို ကြိုဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားဆိုင်ရာ လက်ထောက်ဝန်ကြီး ရီလေးဘားနက်စ်က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်တွန်းသွားမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဖြစ်စဉ်ကိုလည်း ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်က ဧပြီ ၁၇ ရက်မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဥ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ စစ်အုပ်စုက အကျဥ်းသား ၄,၃၃၅ ဦး လွတ်ငြိမ်းပေးမယ်လို့ ကြေညာပေမယ့် အမှန်တကယ်ပြန်လွှတ်ပေးတဲ့အရေအတွက်ဟာ ၁,၆၈၆ ဦးသာ ရှိခဲ့ပြီး အဲဒီထဲက နိုင်ငံရေးအကျဥ်းသားအရေအတွက်မှာ ၂၉၂ ဦးသာ ပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)ရဲ့စာရင်းပြုစုမှုအရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒ ပြောရေးဆိုခွင့်ရှိသူ အန်နစ်တာဟစ်ပါကလည်း ဦးဝင်းမြင့်နဲ့ အခြားသောနိုင်ငံရေးအကျဥ်းသားများကို လွတ်ငြိမ်းသက်သာခွင့်ပေးတဲ့ ကြေညာချက်နဲ့ သေဒဏ်ချမှတ် ခံထားရသူအများအပြားကို ပြစ်ဒဏ်လျှော့ပေါ့ပေးခြင်းအပေါ် ကြိုဆိုတယ်လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ ဥရောပသမဂ္ဂက ဆက်လက်တောင်းဆိုနေတယ်လို့ ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဥရောပသမဂ္ဂတို့ရဲ့ အကြီးတန်းအရာရှိတွေ X လူမှုကွန်ရက်မှာ ထုတ်ပြန်ပြောဆိုမှုတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာ မြန်မာနိုင်ငံဆိုင်ရာ သံရုံးတွေက ပြန်လည်ဖော်ပြခဲ့ကြတဲ့အပေါ် မြန်မာပြည်သူတွေက ဦးဝင်းမြင့်က မြန်မာနိုင်ငံရဲ့ ရွေးကောက်ခံ နိုင်ငံတော်သမ္မတဖြစ်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ရွေးကောက်ခံ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တယ်လို့ ထောက်ပြထားကြပါတယ်။

အမေရိကန်နဲ့ ဥရောပသမဂ္ဂ အကြီးတန်းအရာရှိတွေရဲ့ ရေးသားမှုမှာ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့သာ နာမည်ရေးသားဖော်ပြပြီး ပြည်သူလူထုရွေးကောက်ခံရာထူးတွေဖြစ်တဲ့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ညွှန်းဆိုမှုတွေ မပါလာခဲ့တဲ့အပေါ် ပြည်သူတွေက ဝေဖန်ထောက်ပြကြတာပါ။

မြန်မာပြည်သူ ဖေ့စ်ဘုတ်သုံးစွဲသူတစ်ဦးက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂရဲ့ကြေညာချက်ကို အသိအမှတ်ပြုသင့်ကြောင်း၊ ကုလသမဂ္ဂက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ သမ္မတအဖြစ် ဦးဝင်းမြင့်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် ကြေညာထားကြောင်း ထောက်ပြထားပါတယ်။

ဒါ​ပေမဲ့ အ​မေရိကန်သံရုံးထုတ်ပြန်ချက်မှာ တော့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်တွန်းသွားမှာဖြစ်တယ်လို့သာ​​ဖော်ပြပြီး ​ဒေါ်​အောင်ဆန်းစုကြည်အမည်ကို​ ဖော်ပြထားတာ မ​တွေ့ရပါဘူး။

ရန်ကုန်မြို့ဗြိတိန်သံရုံးအကြီးအကဲအန်ဒရူးဂျက်ဆန်ကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဆက်လက်ဖမ်းဆီးခံထားရသူများအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မြန်မာစစ်တပ်ကို ထပ်မံတိုက်တွန်းလိုက်ကြောင်း ဒီနေ့ထုတ်ပြန်ပါတယ်။

ဦးဝင်းမြင့်နဲ့ အကျဥ်းသားအချို့ကို လွတ်ငြိမ်းခွင့်ပြုခြင်းအပေါ် ဗြိတိန်အစိုးရအနေနဲ့ အသိအမှတ်ပြုကြောင်းနဲ့ အခြားသော အကျဉ်းသားများစွာရဲ့ သတင်းကို စိုးရိမ်စွာ စောင့်မျှော်နေတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ဗြိတိန်အစိုးရဟ မြန်မာပြည်သူပြည်သားတွေ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းသော ဒီမိုကရေစီအနာဂတ်အတွက် ဆက်လက်ထောက်ပံ့သွားမှာဖြစ်ပြီး အဲဒီရည်မှန်းချက်အတွက် အကြမ်းဖက်မှုများရပ်တန့်‌ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ အပြည့်အဝရရှိနိုင်‌ရေးနဲ့ အားလုံးပါဝင်သော ဆွေးနွေးမှုများဖော်ဆောင်နိုင်‌ရေးတို့ကို ဆက်လက်တောင်းဆိုကြောင်း သံရုံးအကြီးအကဲအန်ဒရူးဂျက်ဆန်က ပြောပါတယ်။

ဆက်စပ်သတင်းများ