ဧပြီ-၂၂၊ ၂၀၂၆။ ရှိန်း/People’s Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဘိုမြို့နယ် အနောက်ခြမ်းက ဆောင်နန်းအုပ်စု ဇင်ကြီးကုန်းတဲစုကို ဧပြီ ၂၁ရက် မနေ့ညပိုင်း ၁၁နာရီကျော်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေးကြိမ်လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
လေကြောင်းတိုက်ခံရမှုကြောင့် ဇင်ကြီးကုန်းတဲစုမှာနေတဲ့ အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရကာ ဆိတ် ၇ ကောင်နဲ့ နွားတွေလည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
“ကြဲတာက ၄လုံးကြဲတာ။ ၁လုံးက ဘယ်သူမှ မရှိတဲ့ သဲကျင်းထဲကျတာ။ ၃လုံးက အဲဒီတဲစုလေးကို ကျတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူမိသားစုဟာ ဆိတ်ကျောင်း၊ နွားကျောင်းတဲ့ မိသားစုဖြစ်ပြီး ဒေသခံပြည်သူတွေဖြစ်တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဧပြီလအတွင်း ရွှေဘိုမြို့နယ်အနောက်ခြမ်းက ကျေးရွာ ၄ရွာကို ဗုံးကြဲခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေအတွင်း သံဃာတော် ၃ပါး၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ အခုအမျိုးသမီး အပါအဝင် စုစုပေါင်း၅ဦး သေဆုံးကာ သံဃာ ၇ပါးအပါအဝင် ပြည်သူဒါဇင်နဲ့ချီဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


















































