ဧပြီ-၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မိသားစုနဲ့အတူ ပြန်လည်ဆုံဆည်းနိုင်မှုအပေါ် ဝမ်းမြောက်ကြောင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)က သဝဏ်လွှာ ပေးပို့ခဲ့ပြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်နိုင်ရေး ပြည်သူလူထုအားလုံးနဲ့အတူ အစွမ်းကုန် ဆက်လက်ကြိုးပမ်းမယ်လို့ ဖော်ပြပါတယ်။
“နိုင်ငံတော်သမ္မတဦးဝင်းမြင့်အနေဖြင့် ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ခိုင်မာခြင်းတို့ကို ပိုင်ဆိုင်ကာ နိုင်ငံ့အကျိုး၊ နိုင်ငံသူနိုင်ငံသားတို့၏ အကျိုးကို ဘေးအန္တရာယ်ကင်းစွာဖြင့် ဆက်လက်သယ်ပိုးထမ်းရွက်နိုင်ပါစေကြောင်း ဆန္ဒပြုဆုမွန်ကောင်းတောင်းအပ်ပါသည်။” လို့လည်း သဝဏ်လွှာမှာ ပါရှိပါတယ်။
အာဏာသိမ်းစစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တည်းက မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင်ဟာ ၅နှစ်ကျော်အကြာ ၂၀၂၆ ဧပြီ ၁၇ရက်မှာ မိသားစုထံ ပြန်လည်ရောက်ရှိခဲ့တဲ့ အပေါ် SCEFက ဒီကနေ့ ဧပြီ ၂၂ရက်မှာ ဝမ်းမြောက်ကြောင်း ဖော်ပြခဲ့တာပါ။

Public Service Announcement
SCEFဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF) တို့နဲ့ စုဖွဲ့ထားတာဖြစ်ပြီး စစ်အာဏာရှင်တိုက်ဖျက်ရေး လုပ်ဆောင်ရာမှာ ပိုအားကောင်းတဲ့ စစ်ရေး နိုင်ငံရေး လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။
KNU ဖာပွန်ခရိုင် တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုကလည်း အာဏာသိမ်းစစ်တပ်က ဖမ်းထားတဲ့ ပြည်သူလူထုရွေးကောက်ထားတဲ့ အစိုးရခေါင်းဆောင်တွေ၊ ပြည်သူတွေ လွတ်မြောက်ရေးအတွက် ပြည်သူတရပ်လုံးမှာ တာဝန်ရှိကြောင်း ဧပြီ ၁၇ရက်မှာ ပြောပြထားပါတယ်။
“အခု လက်ရှိ သူတို့ ရွေးကောက်ပွဲလုပ်ပြီး တက်လာတဲ့ အစိုးရက စစ်အစိုးရပဲ။ နောက်ပြီး ကျနော်တို့ ပြည်သူကနေ ရွေးကောက်တဲ့ အစိုးရ လည်းမဟုတ်ဘူး။ ကျနော်တို့ ရွေးကောက်တဲ့ အစိုးရက ပြီးခဲ့တဲ့ ၂၀၂၀မှာ ရွေးကောက်တဲ့အစိုးရက စစ်မှန်တဲ့ ကျနော်တို့ ရဲ့ အစိုးရ ဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့ အစိုးရရော ကျနော်တို့ အစိုးရနဲ့ ပတ်သက်တဲ့လူပုဂ္ဂိုလ်တွေအားလုံး အကျဉ်းထောင်ထဲ ရောက်ရှိနေတဲ့လူတွေအားလုံး လွတ်မြောက်ဖို့အတွက် ကျနော်တို့ ပြည်သူတရပ်လုံးမှာ တာဝန်ရှိတယ်။ အဲဒါကြောင့်မို့လို့ ပြည်သူတရပ်လုံးက ဒီစစ်အစိုးရ ပြုတ်ကျပြီးတော့မှ စစ်မှန်တဲ့ ကျနော်တို့ ရွေးကောက်တဲ့ အစိုးရ သူ့နေရာမှာ ပြန်လည်ရောက်ရှိ နိုင်ဖို့ ကြိုးစားဖို့ ကျနော်တို့ အကုန်လုံးမှာ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်”လို့ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားပါတယ်။


















































