ဧပြီ-၂၂၊၂၀၂၆။ဇော်ရမ်း/People’s Spring
၁၀၂၇ စစ်ဆင်ရေးနဲ့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းက မြို့သိမ်းတိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်စစ်ဌာန ၊ အမှတ် (၅၁၂)တပ်ရင်းက ရဲဘော် ၂၆ဦးအတွက် အလှူနဲ့အမျှပေးဝေမှုကို မိခင်တပ်ရင်းက ပြုလုပ်ခဲ့ပါတယ်။
လွတ်မြောက်နယ်မြေတနေရာမှာ မြန်မာနှစ်ဆန်း၁ရက်နေ့(ဧပြီ ၁၇ရက်)က ပြုလုပ်ခဲ့တာဖြစ်ပြီး ပြင်ဦးလွင်ခရိုင်စစ်ဌာန ၊အမှတ် (၅၁၂)တပ်ရင်းက ဧပြီ၂၁ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
၂၀၂၂ကနေ ၂၀၂၅အတွင်း တိုက်ပွဲတွေမှာ ရဲဘော်၂၆ဦးကျဆုံးခဲ့တယ်လို့ တပ်ရင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက နမ္မတူမြို့မြို့သိမ်းတိုက်ပွဲမှာ ရဲဘော်သုံးဦး၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ ရဲဘော်တစ်ဦး၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ရဲဘော် လေးဦး၊ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲမှာ ရဲဘော်၁၂ဦး၊ မတ္တရာမြို့နယ်ထဲက တိုက်ပွဲတွေမှာ ရဲဘော် လေးဦးကျဆုံးခဲ့ပြီး တကောင်းမြို့သိမ်းတိုက်ပွဲနဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ရဲဘော်နှစ်ဦးက ကျန်းမာရေးအခြေနေကြောင့်ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
နှစ်ဆန်း၁ရက်ကပြုလုပ်ခဲ့တဲ့ အလှူမှာ ကျဆုံးသွားတဲ့ရဲဘော်တွေကိုရည်စူးပြီး ရဟန်းသံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခဲ့ကြပါတယ်။ ဒါ့အပြင် မပြီးဆုံးသေးသော တော်လှန်ရေးခရီးကို အောင်မြင်သည်အထိ ဆက်လျှောက်သွားပါမယ်လို့လည်း ကတိပြုခဲ့ကြပါတယ်။
ပြင်ဦးလွင်ခရိုင်စစ်ဌာန ၊ အမှတ် (၅၁၂)တပ်ရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့အစီအစဉ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဆီမှာ စစ်သင်တန်းတက်ခဲ့ပြီး MODရဲ့ ကွပ်ကဲမှုနဲ့အတူ စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲ ဆက်တိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။




























































