Connect with us

Hi, what are you looking for?

သတင်း

SCEFရပ်တည်ချက် ရည်မှန်းချက်အတိုင်း တစိုက်မတ်မတ်ချီတက်မယ်လို့ KNU တုံ့ပြန်

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုက ကရင်အမျိုးသားအစည်းအရုံး(KNU) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ အလေးအနက်ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ခဲ့ရာ KNU အနေနဲ့ ရပ်တည်ချက် ရည်မှန်းချက်တွေ ထားရှိတဲ့အတိုင်း တစိုက်မတ်မတ် ဆက်လက်ချီတက်သွားမယ်လို့ တုန့်ပြန်လိုက်ပါတယ်။

KNU/KNLAက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU

ဧပြီ-၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုက ကရင်အမျိုးသားအစည်းအရုံး(KNU) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ အလေးအနက်ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ခဲ့ရာ KNU အနေနဲ့ ရပ်တည်ချက် ရည်မှန်းချက်တွေ ထားရှိတဲ့အတိုင်း တစိုက်မတ်မတ် ဆက်လက်ချီတက်သွားမယ်လို့ တုန့်ပြန်လိုက်ပါတယ်။

စစ်အုပ်စုက ဇူလိုင် ၃၁ရက် နေ့အထိ ရက်သတ်မှတ်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဖိတ်ခေါ်ထားတဲ့ အပေါ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အဖွဲ့ဝင် KNUရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက အခုလို ဖြေကြားခဲ့တာပါ။

” ကိုယ့်ရပ်တည်ချက်နဲ့ရည်မှန်းချက်ရှိထားတဲ့အတိုင်းတစိုက်မတ်မတ်ဆက်လက်ချီတက်သွားမယ်” လို့ ပဒိုစောတောနီးက ပြောပါတယ်။SCEF စုဖွဲ့မှု လုပ်ထားနိုင်ပြီး ရပ်တည်ချက်တွေ အသိပေးထားတဲ့ အခြေအနေမှာ စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုနဲ့ပတ်သက်ပြီး သဘောထားမှတ်ချက်မေးမြန်းမှုအပေါ် ပဒိုစောတောနီးက အဖွဲ့ရဲ့ ရပ်တည်ချက်သဘောထားကို ဖြေကြားခဲ့တာပါ။

Public Service Announcement

Public Service Announcement

SCEFအဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း စစ်အုပ်စုက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ဖိတ်ခေါ်တာအပေါ် အယုံအကြည်မရှိဟု ဧပြီ ၂၁ရက်က ပြောကြားထားပါတယ်။

” ကျနော်တို့ ရပ်တည်ချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ လုပ်ဆောင်မှု မှန်သမျှ NCAက အစ ဒါကတော့ အယုံအကြည်တော့မရှိဘူးပေါ့။ကျနော်တို့ ဆွေးနွေးရင်လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး”လို့ ပြောပါတယ်။

နွေဦးတော်လှန်ရေးအခင်းအကျင်းဟာ အရင် အာဏာသိမ်းမှု မတိုင်ခင်အခင်းအကျင်းနဲ့ လုံး၀ မတူတော့ဟုလည်း ပြောပါတယ်။

” ဖြစ်တည်လာတဲ့ နိုင်ငံရေးအခင်းအကျင်းက အရင်လိုမဟုတ်တော့ဘူး။ ကျနော်တို့မှာလည်း နောက်ဆုံး SCEF စသဖြင့်ရှိလာတယ်။ ကျနော်တို့မှာ နိုင်ငံရေးရပ်တည်ချက်တွေအခိုင်အမာချထားတယ်။ ဒါက အဖွဲ့အစည်းတခုတည်းနဲ့ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် CNF အနေနဲ့ပဲ ဖြစ်ဖြစ် အခြား မဟာမိတ် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့သော်လည်းကောင်း တဖွဲ့ချင်း အဲဒီလို ပြောလို့ ရတာမျိုးမဟုတ်တော့ဘူးလို့ ကျနော်အဲဒီလိုပဲ ပြန်ပြောချင်တယ်”လို့ ဆလိုင်းထက်နီက ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို နားမယောင်ဖို့ တွေဝေမနေကြဖို့လည်း ဆလိုင်းထက်နီက တိုက်တွန်းထားပါတယ်။

SCEF တာဝန်ရှိသူတွေကလည်း ဧပြီ ၁၁ရက်မှာ သတင်းစာ ရှင်းလင်းမှု ပြုလုပ်ခဲ့ရာ KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက SCEF ဖွဲ့စည်းမှုဟာဖက်ဒရယ်နိုင်ငံသစ် ကို အတူတကွ တည်ဆောက်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။လူမျိုးတမျိုးက အခြားလူမျိုးတမျိုးကို နိုင်ငံထက်စီးနင်းလုပ်တဲ့ ပုံစံ မဖြစ်စေရဟုလည်း သူက ပြောပါတယ်။

” နေပြည်တော်မှာရှိတဲ့ တဗိုလ်တက်တဗိုလ်ဆင်းဖြစ်တဲ့ နေပြည်တော်က ခေါင်းဆောင်တွေက ပွင့်ပွင့်လင်းလင်း ပြောရရင်ဖက်ဒရယ်ကို ရှင်းရှင်းလင်းလင်း ပြောရရင် ဖက်ဒရယ်ကို မလိုချင်ဘူးလို့ပဲ ပြောရမှာပဲ။ ၂၀၀၈ အောက်ကနေ ဘယ်လိုမှ ဖက်ဒရယ် ဖြစ်လာလို့မရပါဘူး” လို့ ပဒိုစောတာဒိုမူးက ပြောါပတယ်။

ဒါကြောင့် ဖက်ဒရယ်ကိုသွားဖို့ ကိုယ်တိုင်ထုဆစ်ရမှာဖြစ်တာကြောင့် အခုဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ကို ဖက်ဒရယ်ယူနစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မဏ္ဍိုင် ၊ ပြည်သူ့လူထုကိုယ်စားပြုမဏ္ဍိုင်၊ အမျိုးသမီး ကိုယ်စားပြုမဏ္ဍိုင် စတဲ့ ထောက်တိုင်သုံးရပ် နဲ့ ဖွဲ့စည်းခဲ့တာလို့ အသိပေးပါတယ်။

” ထူးခြားတာက ဒီဟာသည်နိုင်ငံတည်ဆောက်မှု ဖြစ်သလို တဖက်မှာလည်း စစ်အာဏာရှင်တွေကို စစ်ရေးအရ ဖိအားပေး တိုက်ခိုက်သွားမှာဖြစ်သလို စစ်ရေးနဲ့ နိုင်ငံရေးယှဉ်တွဲပြီး သွားနိုင်မယ့် နိုင်ငံတည်ဆောက်မှု အင်စတီကျူးရှင်း ပုံစံအသစ်တမျိုးဖြစ်တယ်ဆိုတာလေးကိုတော့ပြန်ပြီး ဖြေကြားလိုပါတယ်”လို့ ပဒိုစောတာဒိုမူးက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ