ဧပြီ ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် မြန်မာ-ထိုင်းနယ်စပ်ရှိ ကျန်းမာရေးဆေးပေးခန်းနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်စဉ် ဗုံးသီးတလုံး ထိုင်းနိုင်ငံဘက် ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် ထိုင်းဘက်ခြမ်းနေရာတွေမှာ ထိုင်းအလံ လွှင့်ထူတာတွေ ပြုလုပ်လာကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။
ဧပြီ ၂၀ရက်မှာ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ် သံလွင်မြစ်ကမ်းဘေးရှိ ဦးမယ်ထာရွာ ဆေးပေးခန်းနေရာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့ရာ ထိုင်းဘက်ခြမ်းမှာ ဗုံး တစ်လုံးကျရောက်ခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးပေးခန်း အဆောက်အအုံတွေ ပျက်စီးမှု ရှိပေမယ့်လူထိခိုက်မှုမရှိဘူးလို့ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

Public Service Announcement
“အဆောက်အဦးကတော့ တော်တော်များများ ပျက်စီးတယ်လို့ ပြောတယ်။ ဒါပေမဲ့ လူအနေနဲ့ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ပြောတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပထမတခေါက်မှာလာကြဲကတည်းက ရှောင်ထွက်သွားပြီ အဲဒီမှာ မနေတော့ဘူးပြောတယ်” လို့ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ထိုင်းဘက်က အလံတွေ စိုက်ထူလာတာရှိတယ်လို့လည်း ပြောပါတယ်။
” သူတို့ အဲဒီမှာလာပြီး အလံတွေ ထောင်ပြီးတော့မှ ဒီ လေယာဉ်ကနေ နောက်ပိုင်း လာမယ်ဆိုရင် ဒီအလံတွေ့မယ်ဆိုလို့ရှိရင် မပစ်တော့ဘူး ရွာသားတွေက အဲဒီလိုပြောတယ်” လို့ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။
စစ်ကောင်စီဟာ သင်္ကြန်တွင်းကာလမှာလည်း တပ်မဟာ(၅)နယ်မြေမှာ တိုက်ပွဲမရှိဘဲနေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၆ဦးထက်မနည်းသေဆုံးကာ ၁၃ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ အဲဒီလို လေကြောင်း တိုက်ခိုက်ရာမှာ ကျန်းမာရေးအဆောက်အအုံ၊ စာသင်ကျောင်းတွေနဲ့ နေအိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာဖြစ်ပါတယ်။
ပြည်သူအထောက်အကူပြုတဲ့ အရာမှန်သမျှ စစ်ကောင်စီက ဖျက်ဆီးနေသလို ပြည်သူကို နေလို့မရအောင် လုပ်ဆောင်လိုတဲ့ ဆန္ဒရှိနေတယ်လို့ မြင်ကြောင်းလည်း ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုတွေအပေါ် မှတ်ချက်ပြုပါတယ်။
ဒီကနေ့ ဧပြီ ၂၂ရက်မှာလည်း KNU တပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီ လေယာဉ်တွေလာရောက်မှုရှိပြီး လေကြောင်း တိုက်ခိုက်မှု အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ပြောပြပါတယ်။
ဒါ့အပြင် လတ်တလောမှာ တပ်မဟာ(၅)နယ်မြေမှာတိုက်ပွဲဖြစ်ပွားမှု မရှိသေးဟုလည်း ရှင်းပြပါတယ်။
KNU တပ်မဟာ(၅)နယ်မြေမှာ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲ ထောင်ချီ ဖြစ်ပွားခဲ့ပါတယ်။
အာဏာမသိမ်းမီက တပ်မဟာ(၅)နယ်မြေအတွင်း စစ်ကောင်စီ စခန်း ၇၈ ခုရှိပေမယ့် လက်ရှိမှာ ၁၁ခုသာ ကျန်တော့တယ်လို့လည်း ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောထားပါတယ်။




















































