ဧပြီ-၂၂၊၂၀၂၆။ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီကျေးရွာက ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တစ်ခုပြိုကျမှုဖြစ်ပြီး လူအချို့နဲ့ စက်ယန္တရားတွေ မြေပိသွားတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။
စိန်စိန်လုပ်ကွက်လို့လူသိများတဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်မှာ ကျောက်စိမ်းတူးဖော်နေကြစဉ် ဒီနေ့ ဧပြီ ၂၂ရက် ညနေပိုင်းမှာ ပြိုကျခဲ့တာလို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
” လူတွေရော ဘက်ဟိုးတွေပါ ပါသွားတယ်လို့ ကြားတယ်။ ဖားကန့်မှာက လက်ရှိစစ်ရေးအခြေအနေကြောင့် လူတွေကပြေးလွှားနေကြရတာ။ ကယ်ဆယ်ရေးလည်းကောင်းကောင်းလုပ်နိုင်မှာမဟုတ်ဘူး” လို့ အဲဒီဒေသခံက ပြောပါတယ်။

Public Service Announcement
ဒါပေမယ့် ဒီကနေ့ညနေက ကျောက်ကျင်းပြိုကျတဲ့ဖြစ်စဉ်မှာ ထိခိုက်မှုအခြေအနေကို မသိရသေးပါဘူး။
ဒါ့အပြင် စစ်ကောင်စီတပ်စစ်ကြောင်းတွေဟာ ဖားကန့်နေရာအချို့နဲ့ လုံးခင်းကျေးရွာအုပ်စုမှာ စစ်ကြောင်းထိုးနေပြီး ဒေသခံတွေဟာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ဝေးတဲ့နေရာတွေမှာ ကျောက်စိမ်းတူးဖော်ရေးတွေ ဆက်လုပ်နေတာလို့သိရပါတယ်။
စစ်တပ်က အရပ်သားပြည်သူတွေ ဖမ်းဆီးမှု၊ သတ်ဖြတ်မှုတွေလည်းရှိနေပြီး တိမ်းရှောင်နေကြရမှာ လည်း အရက်ဖက်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။ လူမှုကယ်ဆယ်ရေးရုံးခန်းအချို့မှာလည်း စစ်ကောင်စီတပ်က တပ်စွဲထားပါတယ်။
” ဒီအချိန်မှာ ကျောက်စိမ်းတူးတာတွေ ရပ်ထားစေချင်တယ်။ တစ်ခုခုဆို ကူရာကယ်ရာ မလွယ်ဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖားကန့်ဒေသမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေဟာ မနေ့က အရပ်သားတွေ ဖမ်းဆီးတဲ့အပြင် Mai ဆေးရုံလို့ လူသိများတဲ့ပုဂ္ဂလိကဆေးရုံက ဆရာဝန်တွေနဲ့ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ဖမ်းဆီးသွားပါတယ်။
ဧပြီ ၁၃ရက်ကလည်း PDFရဲဘော်တစ်ဦးနဲ့ အရပ်သား သုံးဦးကို သတ်ဖြတ်ပြီး အများပြည်သူသွားလာနေတဲ့နေရာမှာ အလောင်းစွန့်ပစ်ခဲ့သလို ဒီနေ့မှာလည်း အရပ်သားတစ်ဦးရဲ့ ရုပ်အလောင်းကို လုံးခင်းကျေးရွာ လမ်းမတစ်နေရာမှာ စွန့်ပစ်သွားတယ်လို့ သတင်းရရှိပါတယ်။


















































