ဧပြီ-၂၂၊၂၀၂၆။အိမ်သွင်/People’s Spring
တရုတ်အကူအညီနဲ့ အာဏာသိမ်းစစ်တပ်က ပြန်လက်လွှဲယူထိန်းချုပ်ထားတဲ့ လားရှိုးမြို့၊ အမှတ်(၄၁)ခြေလျင်တပ်ရင်း(ခလရ-၄၁)အတွင်း ဒီကနေ့ ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်ခံရတယ်လို့ သတင်းရရှိပါတယ်။
လားရှိုးမြို့အဝင်က ခလရ(၄၁)တပ်ရင်းအတွင်းကို ဒီကနေ့ ဧပြီ ၂၃ရက်နေ့ မွန်းလွဲပိုင်းမှာ ရှော့တိုက်ဒုန်းကျရောက် ပေါက်ကွဲတာလို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။
” စစ်တပ် စိုးမိုးကုန်းလို့ ခေါ်တဲ့ ၄၁ တပ်ရင်းထဲကို ဒုန်းကျတာ။စစ်တပ်ကတော့သတင်းမထွက်အောင် ထိန်းထားတယ်။ဒီရက်က လားရှိုးမှာ ဟတ်စကီးတွေ တောက်လျှောက်ပျံနေတာ။ ဘာထူးတယ်တော့ မသိရဘူး”လို့ လားရှိုးဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
ခလရ(၄၁)တပ်ရင်းအတွင်း ရှော့တိုက်ဒုန်းကျရောက်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး People’s Spring က မေးမြန်းတဲ့ လားရှိုးဒေသခံသုံးဦးက အသံကြားရပြီး ဟုတ်တယ်လို့အတည်ပြုပါတယ် ။ဒါပေမယ့် ဖြစ်စဥ်အသေးစိပ်ကိုတော့ မသိရသေးပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် စစ်ကောင်စီရဲ့ခလရ(၄၁)တပ်ရင်းနဲ့ ခလရ(၆၈)တပ်ရင်းကို ကိုးကန့်တပ်မတော်(MNDAA)နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်ပြီး မကြာမီ ၂၀၂၄ ဇူလိုင် ၂၃ရက်မှာ သိမ်းယူခဲ့ပါတယ်။
MNDAAက ၁၀၂၇ စစ်ဆင်ရေးနဲ့ သိမ်းယူခဲ့တဲ့ လားရှိုးမြို့ကို တရုတ်အစိုးရအကူအညီနဲ့ စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၅ ဧပြီမှာ ကျည် ၁ ချက်မဖောက်ရပဲ ပြန်လည်တောင်းယူခဲ့တာပါ။
မြို့ပေါ်ကိုသာထိန်းချုပ်ခွင့်ရထားပြီး ဘေးပတ်ဝန်းကျင်နေရာတွေကို MNDAAက ဆက်လက်ထိန်းချုပ်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ရက်နဲ့ ဖေဖော်ဝါရီ ၁၁ရက်ကလည်း လားရှိုးမြို့ ရပ်ကွက်(၁၁) နယ်မြေ(၉)အတွင်း ရှော့တိုက်ဒုန်းကျရောက် ပေါက်ကွဲခဲ့ဖူးပါတယ်။


















































